နှစ်နိုင်ငံသဘောတူညီထားသည့် ပုံစံများအတိုင်း မဟုတ်သော်လည်း လွှဲပြောင်းလက်ခံရေးကို အဆင်ပြေစေရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပေးပို့ထားသည့် ဘင်္ဂါလီစာရင်းကို ခက်ခက်ခဲခဲစိစစ်လျက်ရှိကြောင်း သိရ

နှစ်နိုင်ငံသဘောတူညီထားသည့် ပုံစံများအတိုင်း မဟုတ်သော်လည်း လွှဲပြောင်းလက်ခံရေးကို အဆင်ပြေစေရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပေးပို့ထားသည့် ဘင်္ဂါလီစာရင်းကို ခက်ခက်ခဲခဲစိစစ်လျက်ရှိကြောင်း သိရ
Published 8 May 2018

နှစ်နိုင်ငံသဘောတူညီထားသည့် ပုံစံများအတိုင်း မဟုတ်သော်လည်း လွှဲပြောင်းလက်ခံရေးကိုအဆင်ပြေစေရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပေးပို့ထားသည့် ဘင်္ဂါလီစာရင်းကို ခက်ခက်ခဲခဲစိစစ်လျက်ရှိကြောင်း မေ ၇ ရက်က ထုတ်ပြန်သည့် နိုင်ငံတော်အစိုးရသစ်၏ နှစ်နှစ်တာကာလအတွင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ကြိုးပမ်းဆောင်ရွက်ချက်များတွင် ဖော်ပြထားချက်အရ သိရသည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ ပထမအသုတ် လွှဲပြောင်းပေးမည့် အိမ်ထောင်စု ၁၆၇၃ မှ လူဦးရေ ၈၀၃၂ ၏ အမည်စာရင်းနှင့် ကိုယ်ရေးအချက်အလက်များ ပေးပို့လာခဲ့ရာ Physical Arrangement အရ နှစ်နိုင်ငံ သဘောတူညီထားသည့် ပုံစံများမဟုတ်ဘဲ အဓိကအချက်များဖြစ်သည့် ဆန္ဒအလျောက် ပြန်လာခြင်းဖြစ်ကြောင်းနှင့် နိုင်ငံ၏တည်ဆဲဥပဒေများကို လိုက်နာမည်ဖြစ်ကြောင်း စသည်တို့ကို ဖော်ပြထားခြင်းမရှိသည့်အပြင် တစ်ဦးချင်းစီ၏ လက်မှတ်နှင့်ကိုယ်ရေးအချက် အလက်များကိုလည်း အသေးစိတ်ဖော်ပြထားခြင်းမရှိပါသဖြင့် သဘောတူထားသော ပုံစံများဖြင့် ပြန်လည်ပြင်ဆင်ပေးပို့ပါရန် ဘင်္ဂလားဒေ့ရှ်ဘက်သို့ အကြောင်းကြားခဲ့ကြောင်း၊ ထိုသို့ နှစ်နိုင်ငံသဘောတူပုံစံများ မဟုတ်သော်လည်း လွဲှပြောင်းလက်ခံရေး အဆင်ပြေစေရေးကိုရှေးရှု၍ ခက်ခက်ခဲခဲ စိစစ်လျက်ရှိရာ ယနေ့အထိ စုစုပေါင်း လူ ၇၀၀ ကျော်အား စိစစ်ပြီးဖြစ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လည်လွဲှပြောင်းပေးလျှင် စိစစ်လက်ခံရန် အဆင်သင့်ရှိကြောင်း အကြောင်းကြားခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့အနီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိ မိတ်မျဉ်းအနီးတွင် နေထိုင်လျက်ရှိသည့် မြန်မာဘက်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားရေးအတွက်လည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

နေရပ်စွန့်ခွာသူများအရေးကို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအကြား အဖြေရှာနိုင်မည်ဟု မျှော်လင့်ထားပြီး အကောင်းဆုံးနည်းလမ်းများဖြင့် ဖြေရှင်းရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

နယ်စပ်ဆိုင်ရာကိစ္စရပ်များ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ Mou on Establishment of Border Liaison Office BLOs နှင့် MoU on Security Dialogue and Cooperation တို့ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

ထို့ပြင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အောင်မြင်စေရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ Arrangement on Return of Displaced Persons from Rakhine State ကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့က လက်မှတ်ရေးထိုးခဲ့ကြောင်း၊ အဆိုပါ Arragement ကို အကောင်အထည်ဖော်နိုင်ရန်အတွက် နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့ (Joint Working Group) ကို ဖွဲ့စည်းနိုင်ရေး Terms of Referenece ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌လည်းကောင်း၊ Physical Arrangement for Repatriation of Displaced Myanmar Residents From Bangladesh Under The Arrangement on Return of Displaced Persons from Rakhine State  ကို မြန်မာနိုင်ငံတွင်လည်းကောင်း အဆင့်ဆင့် လက်မှတ်ရေးထိုးခဲ့ပြီး စနစ်တကျ ပြန်လည်လက်ခံနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Physical Arrangement အရ နှစ် နိုင်ငံသဘောတူညီထားသည့်အတိုင်း ပြန်လည်လက်ခံရေးဌာနများကို တောင်ပြိုလက် ဝဲ နှင့် ငါးခူရတို့တွင်လည်းကောင်း၊ ယာယီနေထိုင်ရေးဌာနကို လှဖိုးခေါင်တွင်လည်းကောင်း တည်ဆောက်ခဲ့ပြီး ပြန်လည်လက်ခံရေးလုပ် ငန်းကိုစတင်နိုင်ရန် ပြင်ဆင်ထားခဲ့ကြောင်း သိရသည်။

ပြန်လည်စိစစ်လွဲှပြောင်းရေး လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးအတွက် ပထမဆုံးအသုတ်အနေဖြင့် စတင်ဆောင်ရွက်နိုင်ရန် ဟိန္ဒူဘာသာဝင် ၅၀၈ ဦးနှင့် မူဆလင် ၇၅၀ တို့၏ အချက်အလက်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လွဲှပြောင်းပေးခဲ့သည်။

သို့ရာတွင် သတ်မှတ်ရက်ရောက်သည့်တိုင် ဖြည့်စွက်ပြီးသောပုံစံများကို ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လည်ပေးပို့လာခြင်းမရှိသဖြင့် လုပ်ငန်းစဉ်အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့ကြောင်းလည်း သိရသည်။

လက်ရှိရခိုင်အရေးကို စတင်ဖြစ်ပွားစေသော မူလဇာစ်မြစ်ဖြစ်သည့် ARSA အစွန်းရောက် အကြမ်းဖက်သမားတို့က ၂၀၁၇ ခုနှစ်တွင် လုံခြုံရေးစခန်း ၃၀ အား တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ ရခိုင်ပြည်နယ်မှလူအများ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည့်အပြင် နိုင်ငံတကာမှလည်း လွဲမှားသောစွပ်စွဲချက်များ ထွက်ပေါ်လာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရသည်။

Most Read

Most Recent