လိုင်နောင်ခူး(မန်ဝယ်)ကျေးရွာတွင် ရှိနေသူအားလုံး ခေါ်ထုတ်နိုင်ခဲ့ပြီး ငါးဦးမှာ ဆန္ဒအလျောက်နေခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့ ပြောကြား

လိုင်နောင်ခူး(မန်ဝယ်)ကျေးရွာတွင် ရှိနေသူအားလုံး ခေါ်ထုတ်နိုင်ခဲ့ပြီး ငါးဦးမှာ ဆန္ဒအလျောက်နေခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့ ပြောကြား
Published 8 May 2018

စစ်ဘေးရှောင်ပြည်သူများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထောက်ပံ့ငွေများ ပေးအပ်စဉ်

တပ်မတော်နှင့် ကေအိုင်အေတို့၏ ပဋိပက္ခကြောင့် ကာမိုင်းဒေသ လိုင်နောင်ခူး (မန်ဝယ်) ကျေးရွာတွင် ရှိနေသူအားလုံး ခေါ်ထုတ်နိုင်ခဲ့ပြီး ငါးဦးမှာ ဆန္ဒအလျောက်နေခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့က ပြောကြားသည်။

လက်ရှိတွင် လိုင်နောင်ခူး(မန်ဝယ်) ကျေးရွာကို တပ်မတော်က ဧပြီလလယ်ပိုင်းကတည်းက သိမ်းပိုက်ခဲ့ပြီးနောက် ကျေးရွာသားအားလုံးနီးပါးကို ကျေးရွာအတွင်း ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ ကချင်ပြည်နယ်အစိုးရ အဖွဲ့၏ ပြောကြားချက်အရ ကျေးရွာအတွင်း လူဦးရေ ၁၅၅ ဦးရှိနေပြီး  ဆက်လက်နေထိုင် လိုသူငါးဦးကို ချန်လှပ်ကာ ၁၅၀ ကို မေ ၇ ရက် ညနေပိုင်းက ခေါ်ထုတ်လာခဲ့ပြီဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက “အခု လူဦးရေ ၁၅၅ ဦးမှာ ငါးဦးက ရွာမှာကျန်ရစ်တယ်။ သူတို့ဆန္ဒအရပေါ့။ ၁၅၀က ချောင်းဝရောက်ပြီ။ အဲဒီမှာ အနားယူပြီး မနက်ဖြန်မှ အင်းတော်ကြီး-ပြည်ထောင်စုလမ်းမကနေ ကာမိုင်းက ဆွေမျိုးအိမ်တွေ၊ ကိုယ်အိမ်တွေကို ပြန်ကြမှာပါ။ အားလုံးလည်း စီစဉ်ထားပါပြီ” ဟု ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယင်းကဲ့သို့ လိုင်နောင်ခူးဒေသတွင် ရှိနေသူများကို နိုင်ငံတော်သမ္မတရုံးအထိ အဆင့်ဆင့်တိုင်ပင်ဆွေးနွေးခဲ့မှုများ ရှိခဲ့ကြောင်း၊ အောက်ခြေတွင် ဖြစ်ပွားနေသည့် အခြေအနေများကို ပြည်ထောင်စုတွင် တင်ပြလာခဲ့ခြင်းများ ရှိနေကြောင်း၊ တိမ်းရှောင်ပြည်သူများနှင့် တွေ့ဆုံစဉ်တွင်လည်း မူလဒေသတွင် ကျန်ရစ်သူများ၏ လုံခြုံရေးအခြေအနေများကို စိုးရိမ်ပူပန်နေခြင်းများရှိနေကြောင်း မေလ ၆ ရက်က တိုက်ပွဲတိမ်းရှောင်ပြည်သူများနှင့် တွေ့ဆုံစဉ်ပြောကြားသည်။

ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က “မန်ဝယ်က ရွှေ့ချင်တဲ့သူတွေကို အစိုးရအဖွဲ့ ကလူတွေက ချောင်းဝလမ်းကနေ မေ ၆ ရက်မှာ ရောက်တယ်။ ကနဦးရွှေ့ပြောင်းစာရင်းအရ မန်ဝယ်ရွာသားမဟုတ်တဲ့ ရွှေ့ပြောင်းက ၁၉ ယောက်၊ ရွာသားထဲက ဆေးကုမယ့် သုံးဦးက မနေ့က ၂၂ ယောက် ချောင်းဝရောက်တယ်။ မေ  ၇ ရက်ကျတော့ ညောင်ပင်ရွာကနေ ချောင်းအဝအထိ ကားတွေ ထွက်သွားကြပြီ။ ကျန်တဲ့ ၁၃၀ ကတော့ ဒီနေ့ ပါလာပါမယ်။ ပိတ်မိနေတာတော့ မဟုတ်ပါဘူး။ မနေချင်လို့ ရွှေ့ချင်တဲ့သဘောပေါ့။ ကာမိုင်းမြို့ဒေသက အိမ်တွေကို ပြောင်းရမှာပေါ့။ ၁၄ ဦးက အဲဒီမှာ ကိုယ်ပိုင်အိမ်တွေ၊ ဆွေမျိုးအိမ်တွေ ရှိနေကြတယ်။ မြစ်ကြီးနားက ရှစ်ဦးပါတယ်။ လိုင်နောင်ခူးနှင့် ကာမိုင်းဘက် လမ်းကြောင်းက မရှင်းလို့ ချောင်းဝဘက်လှည့်တာပါ။ ဒီနေ့ ညနေပိုင်းဆိုရင် အားလုံးထွက် လာနိုင်ပါပြီ။ သက်ဆိုင်ရာမြို့၊ ရွာတွေမှာ အိမ်ရှိတော့ အဲဒီကိုပို့ပေးမှာပါ။ IDP စခန်းမျိုးဖွင့်ပြီး ထားဖို့က မသင့်လျော်ဘူးလေ။ ကချင်ပြည်နယ်အစိုးရက သမ္မတရုံးရဲ့ ညွှန်ကြားချက်အတိုင်း လုပ်နေတာပါ။ တနိုင်းဒေသ အောင်လောဒ်၊ မန်ဝယ် (လိုင်နောင်း ခူး)၊ ချီဖွေ၊ ရှငေါ်လမ်းကြောင်းလေးခု သွားကြတာပေါ့။ ကျန်တဲ့လမ်းကြောင်းတွေ ဘာမှမဖြစ်ပေမယ့် တနိုင်းအောင်လောဒ်ဘက်သွားတဲ့ အဖွဲ့တွေက ရွာထဲရောက်တယ်။ ရွာသားတွေ မရှိကြဘူး။ ရွာကတော့ မပျက်စီးဘူးပေါ့။ ညနေပိုင်းပြန်လာတော့ အပြန်လမ်းပေါ်မှာပေါ့။ လူမှုရေးအသင်းအဖွဲ့တစ်ခုက လူနာတင်ယာဉ်ပေါ့။ တောထဲကနေ လက်နက်ကိုင် အဖွဲ့က နောက်ဘီးပွင့်သွားတယ်ပေါ့။ တပ်က ပြန်ရှင်းရတာပေါ့။ လူတွေထိခိုက်မှု အစိုးရအဖွဲ့ရော၊ တပ်ရောမရှိကြဘူး” ဟု ပြောကြားသည်။

ကချင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဧပြီလအတွင်း စစ်ရှောင်ပေါင်း ၃၀၀၀ ကျော်ရှိကြောင်း အစိုးရစာရင်းများအရ သိရသည်။ မေလ ၁ ရက် စာရင်းအရ မြစ်ကြီးနားမြို့နယ်  တီယန်ဇွတ် နှစ်ခြင်းအသင်းတော်တွင် ၁၃၀၊ တန်ဖဲ RC ဘုရားကျောင်းတွင်  ၁၀၀၂ ဦး၊ နောင်နန်းထရီနတီ ဘုရားကျောင်းတွင် ၅၁၃ ဦး၊ နမ္မတီးမြို့တွင် ၁၇၃ ဦး၊ ကံလှကျေးရွာတွင် ၈၁ ဦး၊ အောင်လောဒ်ကျေးရွာမှ ၁၃၆ ဦး၊ နမ္မတီးလမ်းဆုံ ဘုရားကျောင်းနှစ်ခုတွင် ၁၀၄၃ ဦး ရှိနေကြောင်း၊ စုစုပေါင်း ၃၀၇၈ ဦး ရှိကြောင်း အစိုးရစာရင်းအများအရ သိရသည်။

ဧပြီ ၃၀ ရက်တွင် ကချင်တိုင်းရင်းသားများ လူပေါင်းထောင်နှင့်ချီကာ တိုက်ပွဲအတွင်း ပိတ်မိနေသူများ ကယ်ဆယ်ရေး လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ထိုင်သပိတ်စခန်းဖွင့်လှစ်ရေးကို အစိုးရအဖွဲ့မှ တားမြစ်ခဲ့ပြီးနောက် မနောကွင်းတွင် လူငယ်များစုပေါင်းကာ ဆုတောင်းမှုများ ပြုလုပ်ခဲ့သည်။

မေ ၃ ရက်တွင် ပြည်နယ်အစိုးရရုံး နောက်ကျောတွင် ကချင်လူငယ်တစ်ထောင်ခန့်က တောထဲတွင် ပိတ်မိနေသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

Most Read

Most Recent