ကချင်စစ်ဘေးရှောင်ပြည်သူများ လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေးလှုပ်ရှားမှု ပြုလုပ်ခဲ့သူများအနက် လေးဦးကို ကျောက်တံတားမြို့မရဲစခန်းက ငြိမ်းစုစီပုဒ်မဖြင့် အမှုဖွင့်

ကချင်စစ်ဘေးရှောင်ပြည်သူများ လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေးလှုပ်ရှားမှု ပြုလုပ်ခဲ့သူများအနက် လေးဦးကို ကျောက်တံတားမြို့မရဲစခန်းက ငြိမ်းစုစီပုဒ်မဖြင့် အမှုဖွင့်
Published 8 May 2018

ကချင်စစ်ဘေးရှောင်ပြည်သူများ လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေးလှုပ်ရှားမှု ပြုလုပ်ခဲ့သူများအနက် လေးဦးကို ကျောက်တံတား မြို့မရဲစခန်းက ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခဲ့ကြောင်း မေ ၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

“ဒီနေ့မနက် ၇ နာရီခွဲလောက်မှာ လှုပ်ရှားမှုပြုလုပ်သူတွေထဲက လေးဦးကို ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထားတာပါ။ သူတို့ကိုတော့ အကြောင်းကြားဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်” ဟု ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြော ကြားသည်။

အမှုဖွင့်ခံရသူများမှာ လှုပ်ရှားမှုတွင် ဦးဆောင် ပါဝင်သည်ဟုဆိုသည့် ကိုကောင်းထက်ကျော်၊ ကိုဇေယျ၊ ကိုရဲအောင်အေးနှင့် ကိုမျိုးစောတို့ဖြစ်ကြောင်း သိရသည်။

ယင်းသို့လှုပ်ရှားမှု ပြုလုပ်ရာတွင် သက်ဆိုင်ရာရဲစခန်းကို အကြောင်းကြားခြင်းမရှိဘဲ ပြုလုပ်ခဲ့သည့်အတွက် ထိုသို့ ငြိမ်းစုစီဥပဒေပုဒ်မဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၌ ပြုလုပ်သည့် အဆိုပါလှုပ်ရှားမှုကို ဗကသများအဖွဲ့ချုပ်နှင့် လူ့ဘောင်သစ်လူငယ်တို့မှ ပူးပေါင်းပြီး မေ ၆ ရက် ညနေပိုင်းက ရန်ကုန်မြို့ မော်တင်မှတ်တိုင်မှ မဟာဗန္ဓုလလမ်းအတိုင်း မဟာဗန္ဓုလပန်းခြံအထိ လမ်းလျှောက်ချီတက်ကာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ပြုလုပ်ရာတွင် ကျောင်းသားသမဂ္ဂ အလံတစ်ခု၊ လူ့ဘောင်သစ် လူငယ်အလံတစ်ခုနှင့် ဗီနိုင်းများ၊ ပိတ်စများ၊ ကတ်ထူစက္ကူများပေါ်တွင် ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ၏ ဓာတ်ပုံများ၊ 'စစ်ပွဲတွေရပ်'၊ 'တိုက်ပွဲတွေကြား ပိတ်မိခံ ပြည်သူများ ဘေးကင်းလုံခြုံသော နေရာသို့ လွတ်မြောက်ရေး'၊ ]ငြိမ်းချမ်းစွာ တောင်းဆိုနေသော ကချင်လူငယ်များကို အကြမ်းမဖက်ရ'၊ 'မိခင်နှင့် ချစ်သူတို့၏ မျက်လုံးကို မျက်ရည်ဖုံးစေသော စစ်ကိုမုန်းသည်' ၊ 'ထိုးစစ် ချက်ချင်းရပ်' စသည့် စာသားများပါ ဗီနိုင်းများ၊ ပိတ်စများ၊ ကတ်ထူစက္ကူများကို ကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် တပ်မတော်နှင့် KIA အဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး ဒေသခံအချို့မှာ ပိတ်မိလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent