မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က တရားစွဲဆိုထားသော လယ်သမား ၃၃ ဦးအနက် ၃၁ ဦးအား ပုဒ်မ ၄၄၇ ဖြင့် ဒဏ်ငွေ ၅၀၀ ကျပ်စီ ပေးဆောင်ရန် အမိန့်ချ

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က တရားစွဲဆိုထားသော လယ်သမား ၃၃ ဦးအနက် ၃၁ ဦးအား ပုဒ်မ ၄၄၇ ဖြင့် ဒဏ်ငွေ ၅၀၀ ကျပ်စီ ပေးဆောင်ရန် အမိန့်ချ
Published 8 May 2018

ဒဏ်ငွေ ကျပ် ၅၀၀ စီ ချမှတ်ခံရသည့် လယ်သမားများကို တွေ့ရစဉ်

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က တရားစွဲဆိုထားသော လယ်သမား ၃၃ ဦးအနက် ၃၁ ဦးအား ပုဒ်မ ၄၄၇ ဖြင့် ဒဏ်ငွေကျပ် ၅၀၀ စီ ပေးဆောင်ရန် မေ ၇ ရက်က ကျောက်တန်းမြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း အဆိုပါတရားရုံးမှ သိရသည်။

အဆိုပါလယ်သမား ၃၃ ဦးသည်  မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က သင်္ဘောဖျက်စက်ရုံ တည်ဆောက်မည့် ဧရိယာအတွင်းရှိလယ်ယာမြေများတွင် တရားမဝင် ဝင်ရောက် ထွန်ယက် စိုက်ပျိုး လုပ်နေကိုင်နေသည်ဟုဆိုကာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) မှ လုံခြုံရေးအရာရှိ ဦးမောင်စန်းက ၂၀၁၄ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် လယ်သမား ၃၃ ဦး ကို ကျောက်တန်းမြို့နယ် တရားရုံးတွင် တရားလိုပြုလုပ်ကာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၄၄၇ ဖြင့် တရားစွဲဆိုထားသည့် အမှုဖြစ်ကြောင်း၊ ယင်းအမှုမှာ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းနှင့် လယ်သမားများအကြား လေးနှစ်ကြာ ရင်ဆိုင်နေရသော အမှုဖြစ်ကြောင်း သိရသည်။

ထိုသို့ အမိန့်ချမှတ်ရာတွင် ကျောက်တန်းမြို့နယ် တရားသူကြီးက တရားစွဲဆိုခံထားရသည့် လယ်သမား ၃၃ ဦးအနက် နှစ်ဦးမှာ ကွယ်လွန်သွားကြောင်း အထောက်အထားများ တင်ပြထားသည့်အတွက် အမှုမှ ပယ်ဖျက်ပေးခဲ့ကြောင်း၊ ကျန် ၃၁ ဦးမှာ ပုဒ်မ - ၄၄၇ အရ ပြစ်မှုထင်ရှားသော်လည်း လယ်သမားများ၏ ဘဝရပ်တည်ချက် အခြေအနေအရ ထောင်ဒဏ်အစား ငွေဒဏ်ကိုသာ ချမှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ထို့ကြောင့် လယ်သမား ၃၁ ဦးအား တစ်ဦးလျှင် ဒဏ်ငွေ ၅၀၀ ကျပ်စီ ပေးဆောင်ရန် မပေးဆောင်ပါက တစ်ဦးလျှင် ထောင်ဒဏ် ၁၅ ရက်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့အမိန့်ချမှတ်တာက ပုဒ်မ ၄၄၇ ကျူးလွန်တယ်ဆိုပြီးတော့ လယ်သမားတစ်ဦးချင်းစီ ဒဏ်ငွေ ၅၀၀ ချမှတ်ခဲ့တယ်။ တစ်ဖက်ကတင်တဲ့ သက်သေခံပေါ်မှာ ပြစ်မှုထင်ရှားတယ်ဆိုပြီးတော့ အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။ အခု တရားစွဲခံထားရတဲ့ လယ်သမား ၃၃ ဦးထဲမှာ နှစ်ဦးက သေဆုံးသွားတဲ့အတွက် အမှုက ဖယ်ထုတ်ပေးထားပါတယ်။ ဒီအမှုက လေးနှစ်ကြာခဲ့ပြီလေ။ ရုံးချိန်းပေါင်း ၈၀ ကျော်လောက်ရှိပြီ။ တစ်ပတ်ကို ပုံမှန်နှစ်ချိန်းလောက် လာရတယ်။ ဒါ့အပြင် လယ်သမားတွေကို အခုလိုအမိန့်ချမှတ်ခဲ့ပေမယ့် လယ်သမား တွေ ရပိုင်ခွင့်အရ အထက်တရားရုံးအသီးသီးကို ဆက်လက်တင်ပြသွားမယ်။ လယ်သမားတွေ တရားမျှတမှုအတွက် ဆက်လက်ကြိုးစားသွားပါ့မယ်” ဟု လယ်သမားတွေဘက်မှ လိုက်ပါကူညီပေးသည့် အထက်တန်းရှေ့နေ ဒေါ်နော်ဇင်လှိုင်နှင်းက ပြောကြားသည်။

တရားစွဲဆိုခံခဲ့ရသည့် လယ်သမားတစ် ဦးဖြစ်သူ ဦးဇော်ထွန်းက “ဒီနေ့ချမှတ်ခဲ့တဲ့ အမိန့်ကတော့ လယ်သမားတွေက အရင်ဘိုးဘွားပိုင်မြေကို လက်လုပ်မပျက် ဆက်လုပ်နေတာဖြစ်တဲ့အတွက် ကျွန်တော်တို့က ဒီအမှုကို ကွင်းလုံးကျွတ်လွတ်ဖို့ မျှော်လင့်တာပေါ့။ ဒါပေမဲ့ တရားရုံးက တစ်ယောက်က ဒဏ်ငွေ ၅၀၀ ကျပ် ချမှတ်လိုက်ပါတယ်။ ကျွန်တော်တို့ လယ်သမားတွေအကုန် ငွေဒဏ်ဆောင်ခဲ့ပါတယ်။ ငွေဒဏ်ကျပ် ၅၀၀ မဆောင်ရင် ထောင် ၁၅ ရက်ကျခံရမယ်ဆိုတော့ ငွေဒဏ်ပဲဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့က ကိုယ့်ဘိုးဘွားပိုင် လယ်မြေတွေဖြစ်တဲ့အတွက် ကျွန်တော်တို့ လယ်သမားတွေက မကျေနပ်ဘူးပေါ့။ သက်ဆိုင်ရာကိုတော့ ပြန်တင်ပြရာမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က လက်လုပ်မပျက် စိုက်နေတာပါ။ အခုလည်း စိုက်နေတာပဲ။ တစ်သက်လုံးလည်း စိုက်လာတာပဲ။ ကျွန် တော်တို့မှာလည်း မြေခွန်ပြေစာတွေလည်း ကိုင်ပြီး လုပ်ဆောင်နေတာပါ။ အခုလက်ရှိ အဲဒီမှာပဲ လယ်လုပ်နေတုန်းပါ” ဟု ပြောကြားသည်။

“အမှုမဖြစ်ခင်ကတည်းက ဒီလယ်ယာမြေတွေဟာ မိမိတို့ လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ လယ်ယာတွေဖြစ်ပါတယ်။  စစ်အစိုးရလက်ထက်က ငွေကျပ် ၂၀၀၀၀ နှုန်းနဲ့ သိမ်းခဲ့တယ်။  အဲဒီငွေကို မယူလည်း သိမ်းမယ်၊ ယူလည်း သိမ်းမယ်ဆိုတဲ့အတွက် ယူခဲ့ရပါတယ်။ ယူပြီးချိန်မှာတော့  နှင်ထုတ်ခဲ့တာမဟုတ်ဘဲ ယနေ့အချိန်ထိ လုပ်ဆောင်နေခဲ့ရတာဖြစ်ပါတယ်။ တရားစွဲခံထားရတဲ့အချိန်မှာလည်း မြေစာရင်းဦးစီးဌာနက ကျွန်တော်တို့အတွက် လယ်ယာမြေ လျော်ကြေးညှိဖို့ ကမ်းလှမ်းခဲ့တယ်။ တချို့တစ်ဝက်ကို ကျပ်သိန်း ၂၅၀ နှုန်းနဲ့ လျော်ကြေးပေးခဲ့တယ်” ဟု တရားစွဲဆိုခံခဲ့ရသည့် လယ်သမားဦးနိုင်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်၊ သီတာမြိုင်ရပ်ကွက်အတွင်းရှိ ကွင်းအမှတ် (၆၀၇၊ ၆၁၁၊ ၆၁၂) ကွင်း အတွင်းရှိ လယ်မြေဧက စုစုပေါင်း ၆၀၀ ကျော်အား  ၁၉၉၆-၉၇  ခုနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ  မြို့ရွာ နှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တစ်ဧကလျှင် ကျပ် ၂၀၀၀၀ နှုန်းဖြင့် သိမ်းယူခဲ့သည်။ ထိုကဲ့သို့ သိမ်းယူပြီးနောက် မည်သည့်စီမံကိန်း မှ ဆက်လက်လုပ်ကိုင်ခြင်း မရှိခဲ့သည့်အတွက် တောင်သူများက မိမိတို့၏လယ်မြေများကို ဆက်လက်လုပ်ကိုင်ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) မှ သင်္ဘောဖျက်စက်ရုံ လာရောက်တည်ဆောက်ခဲ့ပြီး စက်ရုံဧရိယာအတွင်း ပါဝင်သောမြေ ၁၀၈ ဒသမ၂၅ ဧကကို လယ်သမားများမှ ဖယ်ရှားပေးခဲ့ရပြီး စက်ရုံဧရိယာအတွင်း ပါဝင်ခြင်းမရှိသော လယ်သမားများမှာ မိမိတို့၏ လယ်မြေများကို ဆက်လက်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ သဘောၤဖျက်စက်ရုံ (သီလဝါ ) ဝန်ထမ်းသက်သာအတွက်ဟုဆိုကာ ဒေသခံတောင်သူများထံမှ တစ်ဧကလျှင် လေးတင်းနှုန်းဖြင့် ကောက်ခံသည့်အတွက် တောင်သူများမှ သီးစားခအနေဖြင့် ၂၀၀၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ပေးသွင်းခဲ့ရကြောင်း သိရသည်။

၂၀၁၄ ခုနှစ် ဇူလိုင် ၁၈  ရက်တွင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း သင်္ဘောဖျက်စက်ရုံ (သီလဝါ)မှ စက်ရုံမှူး ဒုတိယဗိုလ်မှူးကြီးခင်ညို(ငြိမ်း)က တာဝန်ပေးအပ်သည့်အတွက် ဦးမောင်မောင်စန်း၊ လုံခြုံရေးအရာရှိက တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

 

 

Most Read

Most Recent