ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်တိုင်များ လဲကျသည်အထိ ဖြစ်ပွား

ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်တိုင်များ လဲကျသည်အထိ ဖြစ်ပွား
Published 8 May 2018

ပေါက်တောမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်တိုင်များ ပြိုလဲနေသည်ကို တွေ့ရစဉ်

ရခိုင်ပြည်နယ်အတွင်း မြို့နယ်အချို့တွင် မေ ၇ ရက် မွန်းလွဲပိုင်းက လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်ခဲ့ပြီး ယာယီဈေးဆိုင်များ လွင့်စဉ်ခြင်း၊ ဈေးဆိုင်ကယ်များ၏အမိုး လွင့်စဉ်ခြင်းများအပြင် ဓာတ်မီးတိုင်များလဲကျသည်အထိ ဖြစ်ပွားခဲ့သော်လည်း မိုးအနည်းငယ်သာ ရွာခဲ့ကြောင်း သိရသည်။

ယင်းသို့ တိုက်ခတ်ခြင်းကြောင့် ပေါက်တောမြို့သို့ လျှပ်စစ်မီးဆက်သွယ်ထားသည့်  မီးကြိုးတိုင်အချို့ လဲကျမှုဖြစ်ပေါ်ခဲ့ပြီး ပြန်လည်ပြုပြင်ရမည့် အနေအထားများကိုလည်း တွေ့ရှိခဲ့ရကြောင်း၊ လေမှာ အချိန်အနည်းငယ်ကြာ တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

“ကျွန်တော်တို့ မင်းပြားဈေးမှာဆိုရင် ဈေးသည်တွေရဲ့ဈေးတောင်းတွေ လွင့်စဉ်တဲ့အထိ ဖြစ်သွားခဲ့ရတယ်။ မိုးနည်းနည်းပါတယ်။ လေကတော့ နည်းနည်းပြင်းတယ်။ အချိန်အကြာကြီးတော့ တိုက်မသွားဘူး။ အဲဒီလိုမျိုးပေါ့။ ယာယီဈေးခင်းပြီးရောင်းတဲ့ ဆိုင်တွေတော့ အမိုးတွေ လန်သွားတာပေါ့” ဟု မင်းပြားမြို့မှ ဦးအောင်သာထွန်းက ပြောကြားသည်။

ထို့ပြင် ယင်းသို့လေပြင်းတိုက်ခတ်မှုများသည် နေရာကွက်ပြီး ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ စစ်တွေမြို့များတွင်လည်း တိုက်ခတ်ခဲ့သည့်တိုင် ပျက်စီးဆုံးရှုံးမှုမှာ လွန်စွာမများလှကြောင်းနှင့် မိုးဖွဲများရွာသွန်းခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

“မြောက်ဦးမှာလည်း မိုးနဲ့လေနဲ့တော့ တိုက်သွားတယ်ဗျ။ လေကတော့ အတော်ပြင်းတယ်။ သိပ်တော့မကြာဘူးပေါ့။ နာရီဝက်လောက်တိုက်သွားတယ်။ ဆိုင်ကယ်တွေရဲ့ အမိုးတွေပျက်သွားတာပေါ့။ သူတို့မှာကလည်း နေအပူ ကာထားရုံလောက် လုပ်ထားကြတာလေ။ ဆီဆိုင်တန်းတွေဘက်မှာတော့ ခေါင်မိုးတွေ လန်တာတွေ့ခဲ့ရတယ်” ဟု ခရီးသွားတစ်ဦးက ပြောကြားသည်။

Most Read

Most Recent