မြစ်ကြီးနားမြို့ မန်ဝယ် (လိုင်နောင်ခူး) ကျေးရွာမှ ပြည်သူများကို ခေါ်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

မြစ်ကြီးနားမြို့ မန်ဝယ် (လိုင်နောင်ခူး) ကျေးရွာမှ ပြည်သူများကို ခေါ်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 7 May 2018

မြစ်ကြီးနားမြို့ နှစ်ခြင်းဘုရားကျောင်းဝင်းအတွင်း ရောက်ရှိနေသော စစ်ဘေးဒုက္ခသည်များအား တွေ့ရစဉ်

မြစ်ကြီးနားမြို့ မန်ဝယ် (လိုင်နောင်ခူး) ကျေးရွာမှ ပြည်သူများကို ခေါ်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ဒေါက်တာဝင်းမြတ်အေးက “အခုခရီးစဉ်က လတ်တလော စစ်ရှောင်တွေအတွက် ဘာတွေခက်ခဲလဲ၊ ဘာတွေကူညီရမလဲပေါ့။ သူတို့သဘောထားတွေ၊ လိုအပ်ချက်တွေလည်း သိခဲ့ရပါတယ်။ ကျန်တဲ့သူတွေကို စိုးရိမ်နေကြတယ်ပေါ့။ အထူးသဖြင့် လုံခြုံရေးပေါ့။ တောင်းဆိုကြတယ်။ ပြည်နယ်အစိုးရနဲ့ တိုင်ပင်ပြီး အခုသွားကြိုနေပြီ။ အခုလုပ်နေတာ မန်ဝယ်ပေါ့။ ၁၅၃ ဦးပေါ့။ ပြည်နယ်ဝန်ကြီးချုပ်နဲ့လည်း ဆွေးနွေးခဲ့ပြီ။ အခုခရီးစဉ်မှာ လူမှုဝန်ထမ်းဦးစီးဌာနက ၃၉၆ သိန်း၊ သဘာဝဘေးအန္တရာယ် လျှော့ချရေး ၃၁၂ သိန်းကျော်ပေါ့။ အားလုံး ၇၀၈ သိန်းကျော်ပါတယ်။ ပိတ်မိနေတယ်ဆိုတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရဆီကို တက်လာတယ်။ လက်တွေ့အခြေအနေကို သိဖို့နဲ့ ဖြေရှင်းဆောင်ရွက်ပေးစရာတွေအတွက် ဒီကိုလာတာဖြစ်ပါတယ်။ အစိုးရအဖွဲ့က မန်ဝယ်ကို ရောက်သွားပါပြီ။ အခုပဲ ပြောင်းရွှေ့ဖို့ ဆောင်ရွက်ဖို့လုပ်နေပါပြီ။ သူတို့ကတော့ ကာမိုင်းကို ပြောင်းဖို့လုပ်နေတာပေါ့။ အင်းတော်ကြီးဘက်နေ ထွက်လာကြရမှာပါ။ ကာမိုင်းမြို့ကို ပို့ပေးဖို့လည်း အားလုံးစီစဉ်ထားပါပြီ။ အခုထွက်လာတဲ့သူတွေဟာ တောင်ယာ၊ လယ်လုပ်ငန်း လုပ်ကိုင်သူတွေဖြစ်တဲ့အတွက် နေရပ်လုံခြုံတာနဲ့ ပြန်နိုင်ဖို့ ဆွေးနွေးနေကြပါတယ်။ မနှစ်တုန်းကတော့ လုပ်နိုင်ခဲ့တာတွေ ရှိပါတယ်” ဟုပြောကြားသည်။

ဒေါက်တာဝင်းမြတ်အေးသည် ကချင်ပြည်နယ်သို့ မေ ၅ ရက်မှ ၆ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် နမ္မတီးမြို့များရှိ လတ်တလော စစ်ရှောင်သူများကို သွားရောက်ကူညီခဲ့ပြီး လတ်တလောလိုအပ်ချက်များ၊ သဘောထားများနှင့် ဒေသတွင်းအခြေအနေများကိုလည်း မေးမြန်းခဲ့ကြောင်း သိရသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက “တိုက်ပွဲရှောင်ပြည်သူအများစုနှင့် ဒီရက်အတွင်း တွေ့ခဲ့တယ်။ သူတို့ရဲ့ဆန္ဒကတော့ တစ်ထပ်တည်းတွေပါပဲ။ ဒီလိုမျိုးမနေချင်ဘူး။ ကိုယ်ဒေသမှာ အေးအေးချမ်းချမ်း နေချင်တယ်။ လုံလုံခြုံခြုံနေချင်တယ်။ ကြောက်နေတဲ့ဘဝနဲ့ မနေချင်ဘူး။ ကလေးသူငယ်တွေကို သေနတ်သံ၊ ဗုံးသံကြားရင် ကြောက်နေလန့်ကြတယ်။ ဒီထိခိုက်မှုတွေကို ကလေးတွေကို မခံစားချင်ဘူး။ လုံခြုံချင်တယ်။ အဲဒီအတွက် ထာဝရငြိမ်းချမ်းရေးရဖို့ ကြိုးစားနေပါတယ်။ သေနတ်နဲ့ သူနိုင်ကိုယ်နိုင်လုပ်တဲ့ကိစ္စဟာ ခဏပဲငြိမ်မယ်။ ငြိမ်းချမ်းတာ မဟုတ်ဘူး။ ထာဝရငြိမ်းချမ်းရေးက ညှိနှိုင်းမှရတယ်။ ဖြေလျှော့မှရတယ်။ မျက်နှာချင်းဆိုင် ဖြေရှင်းမှရတယ်။ အပေးအယူလုပ်ရတယ်။ သာတူညီမျှလုပ်ရတယ်။ ဒီလမ်းအတိုင်းရောက်အောင် နည်းမျိုးစုံနဲ့ ကြိုးစားနေပါတယ်။ စွန့်လွှတ်ခဲ့တာတွေ၊ ပညာရေး၊ ကျန်းမာရေးတွေ စိုးရိမ်နေတယ်။ အဲဒီအတွက် ရေတိုကတော့ ကျွန်တော်တို့ တာဝန်ခံပါတယ်။ မကြာခင်မှာ နေရပ်ပြန်နိုင်အောင် ကြိုးစားနေတယ်။ နောက်ပြီး ပိတ်နေသူတွေ ကယ်ထုတ်ပေးဖို့ လုပ်နေပါတယ်။ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ နိုင်ငံတော်သမ္မတရုံးကနေတစ်ဆင့် သက်ဆိုင်ရာနဲ့ ညှိနှိုင်းပြီးပါပြီ။ ပိတ်မိနေတဲ့သူတွေ ကယ်ထုတ်လို့ရအောင် သက်ဆိုင်ရာ တပ်မတော်ကလည်း ကူညီမယ်ဆိုတဲ့ စကားလည်းရပါပြီ။ ညှိနှိုင်းပြီးပါပြီ။ သံသယဖြစ်ရင်လည်း စောင့်ကြည့်ပါ။ အချိန်အနည်းငယ် ကြန့်ကြာတာကိုလည်း စိတ်ထဲမှာမထားကြပါနဲ့။ ကျွန်တော်တို့ ပြည်သူကို အမြဲတမ်းအလေးထားပါတယ်။ ထောက်ပံ့တာက အားလုံးကို တန်းတူထောက်ပံ့ပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ မသန်စွမ်းနဲ့ ကိုယ်ဝန်ဆောင်မိခင်များကို အနည်းငယ်ပိုပြီး ထောက်ပံ့ထားတာ ရှိပါတယ်” ဟု မြစ်ကြီးနားမြို့ နောင်နန်းထရီနတီဘုရားကျောင်းတွင် ပြောကြားသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ မေ ၅ ရက်တွင် တနိုင်း (အောင်လောဒ်ကျေးရွာ)၊ ကာမိုင်းဒေသ၊ မန်ဝယ် (လိုင်နောင်ခူး) ကျေးရွာ၊ ရှငေါ်ကျေးရွာ၊ ချီဖွေဒေသများသို့ ကူညီရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ခဲ့ကြောင်း သိရသည်။ ယင်းခရီစဉ်များအနက် အောင်လောဒ်ကျေးရွာမှာ ကျေးရွာသားများမရှိသဖြင့် ကူညီဆောင်ရွက်ပေးနိုင်ခဲ့ခြင်းမရှိဘဲ ကျန်ခရီးစဉ်များအားလုံးမှာ အဆင်ပြေအောင်မြင်ခဲ့ကြောင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်က ဆိုသည်။

ကချင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဧပြီလအတွင်း စစ်ရှောင်ပေါင်း ၃၀၀၀ ကျော်ရှိကြောင်း အစိုးရစာရင်းများအရ သိရသည်။ မေ ၁ ရက်စာရင်းအရ မြစ်ကြီးနားမြို့နယ် တီယန်ဇွတ် နှစ်ခြင်းအသင်းတော်တွင် ၁၃၀၊ တန်ဖဲ RC ဘုရားကျောင်းတွင် ၁၀၀၂ ဦး၊ နောင်နန်းထရီနတီ ဘုရားကျောင်းတွင် ၅၁၃ ဦး၊ နမ္မတီးမြို့တွင် ၁၇၃ ဦး၊ ကံလှကျေးရွာတွင် ၈၁ ဦး၊ အောင်လောဒ်ကျေးရွာတွင် ၁၃၆ ဦး၊ နမ္မတီးလမ်းဆုံ ဘုရားကျောင်းနှစ်ခုတွင် ၁၀၄၃ ဦးရှိနေကြောင်း စုစုပေါင်း ၃၀၇၈ ဦးရှိကြောင်း အစိုးရစာရင်းအများအရ သိရသည်။

ဧပြီ ၃၀ ရက်တွင် ကချင်တိုင်းရင်းသားများ လူပေါင်းထောင်နှင့်ချီ၍ တိုက်ပွဲအတွင်း ပိတ်မိနေသူများ ကယ်ဆယ်ရေး လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ထိုင်သပိတ်စခန်း ဖွင့်လှစ်ရေးကို အစိုးရအဖွဲ့က တားမြစ်ခဲ့ပြီးနောက် မနောကွင်းတွင် လူငယ်များစုပေါင်းကာ ဆုတောင်းမှုများပြုလုပ်ခဲ့သည်။ မေ ၃ ရက်တွင် ပြည်နယ်အစိုးရရုံး နောက်ကျောတွင် ကချင်လူငယ်တစ်ထောင်ခန့်က တောထဲတွင် ပိတ်မိနေသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

Most Read

Most Recent