ယိုးတရုတ်ကျေးရွာအနီး မိုင်းပေါက်ကွဲမှုဖြစ်စဉ်တွင် သံသယဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသူသုံးဦး ပုဒ်မ ၁၇ (၂) မှ လွတ်မြောက်ပြီး ပုဒ်မ ၁၇ (၁) နှင့် ပုဒ်မ ၆ တို့ဖြင့် စစ်ဆေးခံရဆဲဖြစ်

ယိုးတရုတ်ကျေးရွာအနီး မိုင်းပေါက်ကွဲမှုဖြစ်စဉ်တွင် သံသယဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသူသုံးဦး ပုဒ်မ ၁၇ (၂) မှ လွတ်မြောက်ပြီး ပုဒ်မ ၁၇ (၁) နှင့် ပုဒ်မ ၆ တို့ဖြင့် စစ်ဆေးခံရဆဲဖြစ်
Published 7 May 2018

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာအနီး ကားလမ်းဘေးတွင် ၂၀၁၇ ဇန်နဝါရီ ၁ ရက်က မိုင်းပေါက်ကွဲမှုဖြစ်စဉ်တွင် သံသယဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသူသုံးဦး ပုဒ်မ ၁၇ (၂) မှ လွတ်မြောက်ခွင့်ရရှိပြီး ပုဒ်မ ၁၇ (၁) နှင့် ပုဒ်မ ၆ တို့ဖြင့် ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံထားရသူများမှာ ယိုးတရုတ်ကျေးရွာနေ ဦးယဉ်မောင်၊ ဦးနိုင်နိုင်နှင့် ဦးအောင်အောင်တို့ဖြစ်ပြီး ၂၀၁၇ ဇန်နဝါရီ ၂ ရက်က ဖမ်းဆီးလိုက်ခြင်းဖြစ်ကာ ပုဒ်မ ၁၇(၁)(၂) တို့အပြင် ပုဒ်မ ၆ ဖြင့်လည်း တရားစွဲဆို ခံထားရခြင်းဖြစ်သော်လည်း ပြည်နယ်တရားလွှတ်တော်သို့ လျှောက်ထားခဲ့သည့်အတွက် ဦးယဉ်မောင်မှာ ပုဒ်မ ၆ မှ လွတ်မြောက်ခွင့်ရခဲ့သော်လည်း ကျန်နှစ်ဦးမှာ ပုဒ်မ ၁၇ (၁) နှင့်ပုဒ်မ ၆ တို့ဖြင့် အမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

ယင်းတို့အား ရုံးထုတ်သည့် အရေအတွက်မှာ ၈၉ ကြိမ်မြောက်ခဲ့ပြီဖြစ်ကာ ၂၀၁၈ ခုနှစ် မေ ၃ ရက်တွင် တစ်နှစ်နှင့် လေးလကျော် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ဦးအောင်အောင်၏ ဆွေမျိုးဖြစ်သူ ဒေါ်ခင်သန်းနုက “အခုဆိုရင် ၁၇ (၂) ဆိုတဲ့ပုဒ်မက လွတ်တယ်လို့ပြောတယ်။ တခြားစွဲထားတာတွေနဲ့ ဆက်လက်ဖမ်းဆီးထားတယ်။ ၃ ရက်နေ့က ရုံးထုတ်တယ်၊ ရုံးချိန်းထပ်ပေးလိုက်တယ်။ ပြောချင်တာကတော့ ထောင်ချချင်လည်း ချလိုက်ပါတော့လားလို့ ပြောချင်တယ်။ နောက်မှ ထောင်ဝင်စာ သွားတွေ့တော့မှာပေါ့။ ဘာတတ်နိုင်မှာလဲ။ ရုံးချိန်းတိုင်း သွားနေရတာကလည်း ငွေကုန်လူပန်းလှပါပြီ။ အခုက လွတ်ငြိမ်းချမ်းသာခွင့်လည်း မရလိုက်ဘူးပေါ့။ မထူးတော့ပြီလို့သာ ပြောချင်တယ်။ ဒါပေမဲ့ လာမယ့် မေ ၁၆ ရက်ကို ချိန်းဆိုလိုက်ပါတယ်။ အဲဒီနေ့မှာတော့ အမိန့်ချမယ့် အခြေအနေတွေရှိတယ်လို့လည်း ကြားခဲ့ရတယ်။ ချမချတော့ မသိပါဘူး” ဟုပြောကြားသည်။

အဆိုပါဖြစ်စဉ်မှာ ယိုးတရုတ်ကျေးရွာနှင့် သဲတက်ကျေးရွာကြား ရန်ကုန်-စစ်တွေကားလမ်း မိုင်တိုင်အမှတ် ၁၆၀ အနီး၌ ဇန်နဝါရီ ၁ ရက် ညနေ ၄ နာရီတွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း၊ ယင်းပေါက်ကွဲမှုမှာ ကားလမ်း၏အရှေ့ဘက် ၁၂ ပေခန့်အကွာတွင် ပေါက်ကွဲပြီး စနက်တံအိမ်ခေါင်းတစ်ခု၊ ဓာတ်ခဲနှစ်လုံးဆံ့ ဓာတ်ခဲအိမ်နှစ်ခု၊ ဝိုင်ယာကြိုးများဖြင့် သွယ်တန်းထားသည့် ပလတ်စတစ်အိတ်တစ်ထုပ်၊ ယမ်းထည့်ထားသည်ဟု ယူဆရသည့် ပေါက်ကွဲပြီး ပလတ်စတစ်အစအနများကို တွေ့ရှိခဲ့ရသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။ ယင်းနှင့်ပတ်သက်ပြီး မသင်္ကာဖွယ်ဖြစ်သူများအား ခေါ်ယူစစ်ဆေးခဲ့ရာ ယိုးတရုတ်ကျေးရွာနေ အောင်အောင် (ဘ) ဦးစောလှ၊ ၃၁ နှစ်၊ နိုင်နိုင် (ဘ) ဦးစောလှ၊ ၃၃ နှစ်၊ ဦးယဉ်မောင် (ဘ) ဦးကျော်သန်းမောင်၊ ၄၁ နှစ်တို့မှာ ဖောက်ခွဲရေးလုပ်ဆောင်ရာတွင် ပါဝင်ကူညီခဲ့ကြောင်း ဝန်ခံခဲ့သည်ဟုလည်း သိရပြီး ဖောက်ခွဲသူအား ဖမ်းဆီးရရှိခြင်းမရှိသေးကြောင်း သိရသည်။

ယင်းတို့အား ပုဏ္ဏားကျွန်း မြို့နယ်တရားရုံးနှင့် စစ်တွေခရိုင်တရားရုံးတို့တွင် ရုံးထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent