ကုန်တင်ယာဉ်တစ်စီးက ရပ်ထားသည့် ယာဉ်သုံးစီးနှင့် ဆိုင်ကယ်တစ်စီးကို ဆင့်တိုက်မှု ဟင်္သာတမြို့၌ဖြစ်ပွားပြီး တစ်ဦးသေဆုံး

ကုန်တင်ယာဉ်တစ်စီးက ရပ်ထားသည့် ယာဉ်သုံးစီးနှင့် ဆိုင်ကယ်တစ်စီးကို ဆင့်တိုက်မှု ဟင်္သာတမြို့၌ဖြစ်ပွားပြီး တစ်ဦးသေဆုံး
Published 7 May 2018

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် တွေ့ရစဉ်

ကုန်တင်ယာဉ်တစ်စီးက ရပ်ထားသည့် ယာဉ်သုံးစီးနှင့် ဆိုင်ကယ်တစ်စီးကို ဆင့်တိုက်မှု ဟင်္သာတမြို့၌ ဖြစ်ပွားပြီး တစ်ဦးသေဆုံးကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုမှာ ဟင်္သာတမြို့ ဥယျာဉ်တောင်ရပ်ကွက် စစ်ကဲလမ်း၌ မေ ၆ ရက် နံနက် ၁၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ စစ်ကဲလမ်းရှိ သွပ်၊ ဘိလပ်မြေ အရောင်းဆိုင်ရှေ့တွင် ကုန်ချနေသည့် ကုန်တင်ယာဉ်အား ၎င်းယာဉ်၏ ယာဉ်နောက်လိုက်ဖြစ်သူက စက်နှိုးမောင်းရာမှ ရှေ့ ၁၀ ပေခန့်အကွာတွင် ကုန်ချနေသည့် ခြောက်ဘီးကုန်တင်ယာဉ်၏ နောက်ပိုင်းကို ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ထိုသို့ဝင်တိုက်မိချိန်တွင် အတိုက်ခံခဲ့ရသည့် ကုန်တင်ယာဉ်၏ ယာဉ်မောင်းမှာ ကားနောက်တွင်ရပ်နေသဖြင့် ယာဉ်နှစ်စီးကြားညပ်သွားပြီး ဒဏ်ရာများရရှိကာ ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားကြောင်း သိရသည်။

ထို့နောက် ဝင်တိုက်ခဲ့သည့် ကုန်တင်ယာဉ်မှာ လမ်း၏ဝဲဘက်ယာဉ်ကြောသို့ ရောက်ရှိသွားပြီး ရပ်ထားသည့် လိုက်ထရပ်ယာဉ်အား ထပ်မံဝင်တိုက်မိခဲ့ကာ အဆိုပါလိုက်ထရပ်ယာဉ်မှာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားပြီး ဆိုင်ကယ်တစ်စီးအား ဆက်လက်၍ တိုက်မိခဲ့ကြောင်း သိရသည်။

လိုက်ထရပ်ယာဉ်အား တိုက်မိခဲ့ပြီးနောက် ကုန်တင်ယာဉ်မှာ လိုက်ထရပ်ယာဉ်အနီးရှိ DUTRO အဖြူရောင် ဘောက်မော်တော်ယာဉ်ကိုလည်း ဝင်တိုက်ခဲ့ပြီး အဆိုပါမော်တော်ယာဉ်နှစ်စီးစလုံးမှာ ရေမြောင်းကိုကျော်၍ ရွှေကျောင်းပဋိယတ္တိစာသင်တိုက်၏ အုတ်တံတိုင်းနံရံကို ထပ်မံဝင်တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်၌ ကားသုံးစီးနှင့် ဆိုင်ကယ်တစ်စီးကို ဝင်တိုက်ခဲ့သည့် ကုန်တင်ယာဉ်အား မောင်းနှင်ခဲ့သူ ယာဉ်နောက်လိုက်မှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ် (၈၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲတပ်ကြပ်ကြီး ဝင်းနိုင်က တရားလိုပြုလုပ် တိုင်တန်းထားပြီး ဟင်္သာတမြို့ အမှတ် (၁) မြို့မရဲစခန်းက ယာဉ် (ပ) ၅၄/၂၀၁၈ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent