ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင် အခွန်နှင့်သက်ဆိုင်သည့် ဥပဒေကြမ်းသုံးခုကို ဆွေးနွေးအတည်ပြုမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အစည်းအဝေး မေ ၈ ရက်တွင် စတင်မည်

ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင် အခွန်နှင့်သက်ဆိုင်သည့် ဥပဒေကြမ်းသုံးခုကို ဆွေးနွေးအတည်ပြုမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အစည်းအဝေး မေ ၈ ရက်တွင် စတင်မည်
Published 6 May 2018

ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင် အခွန်နှင့်သက်ဆိုင်သည့် ဥပဒေကြမ်းသုံးခုအား ဆွေးနွေးအတည်ပြုမည်ဟု ဥပဒေကြမ်း ပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက The Daily Eleven သတင်းစာကို ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးများအား မေ ၁၄ ရက်တွင် စတင်မည်ဖြစ်ပြီး ဥပဒေကြမ်း ပူးပေါင်းကော်မတီအနေဖြင့် ဥပဒေကြမ်းများအပေါ် ဆွေးနွေးမည့် အစည်းအဝေးအား မေ ၈ ရက်တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

ဒေါက်တာမြတ်ဉာဏစိုးက “ဥပဒေကြမ်း ပူးပေါင်းကော်မတီအနေနဲ့ ဆောင်ရွက်ဖို့ ဥပဒေကြမ်းလေးခုရှိပါတယ်။ အဲဒီဥပဒေတွေကတော့ ဘတ်ဂျက်နှစ်ပြင်လိုက်တဲ့အတွက် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ရေးဆွဲခြင်းဥပဒေ၊ အခွန်အယူခံခုံအဖွဲ့ဥပဒေ၊ အခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းဥပဒေနဲ့ သမ္မတဆီက သဘောထားမှတ်ချက်နဲ့ ပြန်ပို့ထားတဲ့ တောရိုင်းတိရစ္ဆာန်မဲ့ သဘာဝနယ်မြေ ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေများ ဆောင်ရွက်ဖို့ရှိပါတယ်” ဟု ပြောကြားသည်။

ဘတ်ဂျက်နှစ်ပြင်ခဲ့သည့်အတွက် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေရေးဆွဲရာတွင် ဘတ်ဂျက်နှင့်သက်ဆိုင်မှုများအား ပြည်ထောင်စုလွှတ်တော်သို့ မည်သည့်အချိန်တွင် ပေးပို့ရမည်ဆိုသည့် အချက်များ ပါဝင်လာမည်ဖြစ်ကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး နှစ်နှစ်တာကာလအတွင်း ဥပဒေပေါင်း ၆၀ နီးပါး အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ကြောင်း၊ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းငါးနှစ်အတွင်း ဥပဒေပေါင်း ၁၉၆ ခု အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ကြောင်း သိရသည်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ငါးနှစ်သက်တမ်းဖြစ်သည့် ၂၀၁၁ ခုနှစ်တွင် ဥပဒေပေါင်း ၁၅ ခု၊ ၂၀၁၂ ခုနှစ်တွင် ဥပဒေ ၁၂ ခု၊ ၂၀၁၃ ခုနှစ်တွင် ဥပဒေ ၃၇ ခု၊ ၂၀၁၄ ခုနှစ်တွင် ဥပဒေ ၃၃ ခု၊ ၂၀၁၅ ခုနှစ်တွင် ဥပဒေ ၇၄ ခု၊ ၂၀၁၆ ခုနှစ်တွင် ဥပဒေ ၂၅ ခု အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ကြောင်း၊ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ၂၀၁၆ ခုနှစ်တွင် ဥပဒေ ၁၉ ခု၊ ၂၀၁၇ ခုနှစ်တွင် ဥပဒေ ၂၉ ခု၊ ၂၀၁၈ ခုနှစ်အတွင်းတွင် ဥပဒေ ၁၁ ခု အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ကြောင်း သိရသည်။

ဥပဒေကြမ်းများအား အတည်ပြုပြဋ္ဌာန်းရာတွင် ဒေသခံလူထု၏ဆန္ဒ၊ ပြည်သူလူထုနှင့် ကင်းကွာမှုရှိမရှိ စသည်တို့ကို စိစစ်ပြီး ဆွေးနွေးအတည်ပြုကြောင်း၊ အတည်ပြုထားသည့် ဥပဒေများအား အကောင်အထည်ဖော်သည့်သူများမှ အားနည်းမှုများရှိပါက ပြည်သူများအတွက် တိုက်ရိုက်အကျိုးရှိမှု အားနည်းမည်ဟုမြင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ထို့အပြင် အဋ္ဌမပုံမှန်အစည်းအဝေးတွင် အမျိုးသားလွှတ်တော်တွင် ဆောင်ရွက်မည့် ဥပဒေကြမ်းကိုးခု ရှိကြောင်း၊ ပြည်သူ့လွှတ်တော်ဘက်မှ ပြင်ဆင်ချက်များဖြင့် အတည်ပြုပြီး ပေးပို့ထားသည့် သစ်တောဥပဒေ (၂၀၁၇) ကို ပြင်ဆင်သည့်ဥပဒေကြမ်း အလုပ်သမားအငြင်းပွားမှု ဖြေရှင်းရေးဥပဒေ၊ တောင်သူလယ်သမားရေးရာကော်မတီက တင်သွင်းထားသည့် မြေသိမ်းဥပဒေကြမ်း၊ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်း၊ ရုပ်မြင်သံကြားနဲ့ ဗီဒီယိုထုတ်လုပ်ခြင်းဆိုင်ရာ ဥပဒေကြမ်း၊ မြန်မာ့သမိုင်းကော်မရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း၊ မြန်မာနိုင်ငံသွားနှင့် ခံတွင်းကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကြမ်းများကို အတည်ပြု ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။

သတ္တမပုံမှန် အစည်းအဝေးကာလတွင် အတည်ပြုနိုင်ခြင်းမရှိခဲ့သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကြမ်းအား လွှတ်တော်ပြန်စချိန်တွင် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး အတည်ပြုမည်ဖြစ်ကြောင်း၊ အလုပ်သမားအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကြမ်း၊ သစ်တောဥပဒေ ဥပဒေကြမ်းများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ဖွယ်ရှိကြောင်း သိရသည်။

လက်ရှိတွင် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အစည်းအဝေးအနေဖြင့် မေ ၂ ရက်မှစတင်ကာ ဥပဒေကြမ်းကော်မတီ အစည်းအဝေးများပြုလုပ်ကာ ဥပဒေကြမ်းများ ဆွေးနွေးမှုများပြုလုပ်နေကြောင်း သိရသည်။

Most Read

Most Recent