ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ၏ အဆင့်ဆင့်သော အစည်းအဝေးများကို ရန်ကုန်မြို့တွင် ယနေ့ စတင်မည်

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ၏ အဆင့်ဆင့်သော အစည်းအဝေးများကို ရန်ကုန်မြို့တွင် ယနေ့ စတင်မည်
Published 6 May 2018

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (၁၅) ကြိမ်မြောက် အစည်းအဝေးကို မတ်လအတွင်းက ပြုလုပ်စဉ် (ဓာတ်ပုံ-ချမ်းဝေစိုး)

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ၏ အဆင့်ဆင့်သော အစည်းအဝေးများကို ရန်ကုန်မြို့ ခြောက်မိုင်ခွဲပြည်လမ်းရှိ LOTTE ဟိုတယ်တွင် မေ ၇ ရက် (ယနေ့) တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို မေ ၇ ရက်မှ ၁၁ ရက်အထိ ငါးရက်ကြာ ပြုလုပ်မည်ဖြစ်သည်။

အစည်းအဝေးပြုလုပ်မည့် ငါးရက်တာကာလအတွင်း ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်နှင့် ဒေသဆိုင်ရာ အဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အဆင့်ဆင့်မှ အတွင်းရေးမှူးများ၏ ပထမဆုံးအကြိမ် အစည်းအဝေး၊ JMC အဆင့်ဆင့်၏ ဒုတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေး (JMC Conference) နှင့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတို့ကို ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

JMC အဆင့်ဆင့်၏ ဒုတိယအကြိမ် မျက်နှာစုံညီအစည်းအဝေး (JMC Conference) တွင် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပဋိပက္ခဖြစ်စဉ်များအား ဆွေးနွေးဆုံးဖြတ်မည်ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးရ်က ဆိုသည်။

ထို့ပြင် ကရင်ပြည်နယ် ဖာပွန်ခရိုင် လယ်မူပလောဒေသတွင် KNU လက်အောက်ခံ KNLA တပ်မဟာ (၅)နှင့် တပ်မတော်တို့အကြား ဖြစ်ပွားခဲ့သော နှစ်ဖက်ထိတွေ့မှုများနှင့် ပတ်သက်၍လည်း JMC Conference တွင် ဆွေးနွေးမည်ဖြစ်ကြောင်း ဒေါက်တာရွှေခါးရ်က ပြောကြားသည်။

တပ်မတော်နှင့် KNLA တပ်မဟာ(၅)တို့ နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့သော လယ်မူပလောဒေသသို့ JMC အရပ်သားကိုယ်စားလှယ်များက သုံးကြိမ်ခန့် နယ်မြေကွင်းဆင်း စစ်ဆေးထားသည့်အတွက် နှစ်ဖက်ထိတွေ့မှုအား ဆွေးနွေးရာတွင် အဆိုပါ အရပ်သားကိုယ်စားလှယ်များ၏ တင်ပြဆွေးနွေးမှုများအပေါ် မူတည်၍ JMC Conference တွင် ဆွေးနွေးဆုံးဖြတ်မည်ဖြစ်ကြောင်း ဒေါက်တာရွှေခါးရ်က ဆက်လက် ပြောကြားသည်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း လမ်းဖောက်လုပ်ခြင်းနှင့် ပတ်သက်၍ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းအပေါ် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် NCA ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ (KNLA) တပ်မဟာ(၅) တို့အကြား အပြန်အလှန် ကန့်ကွက်စာများ ပေးပို့ထားသည်။

အဆိုပါ လမ်းဖောက်လုပ်မှုနှင့် ပတ်သက်၍ နှစ်ဖက်ထိတွေ့မှုများနှင့် စစ်ရေးတင်းမာမှုများကြောင့် ကျေးရွာပေါင်း ၁၄ ရွာမှ ဒေသခံလူထု ၂၀၀၀ နီးပါးသည် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းနှင့် NCA တွင် အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့သော နိုင်ငံများနှင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများက နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသူများကို လူသားချင်းစာနာမှု အကူအညီများပေးရန် တောင်းဆိုကြောင်း KNU က မတ် ၁၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထို့အတူ တပ်မတော်ကလည်း အဆိုပါ လမ်းဖောက်လုပ်မှုသည် အုပ်ချုပ်မှု အဆင်ပြေချောမွေ့စေရေးအတွက်သာဖြစ်ပြီး လမ်းဖောက်လုပ်ရန်အတွက်ကိုလည်း KNLA တပ်မဟာ(၅)သို့ အကြိမ်ကြိမ် အကြောင်းကြားခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် KNLA တပ်မဟာ (၅) တို့အကြား ဖြစ်ပွားခဲ့သော နှစ်ဖက်ထိတွေ့မှုများနှင့်ပတ်သက်၍ နှစ်ဖက်နယ်မြေခံတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသော်လည်း ယနေ့အချိန်အထိ တွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးမတီ (JMC-U) ၏ (၁၅) ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာ (NRPC) တွင် မတ် ၂၁ ရက်မှ ၂၃ ရက်အထိ ပြုလုပ်ခဲ့သည်။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ကို ပြည်ထောင်စုအဆင့် (JMC-U) ပြည်နယ်၊ တိုင်းဒေသကြီးအဆင့် (JMC-S) နှင့် ဒေသအဆင့် (JMC-L) ဟူ၍ ဖွဲ့စည်းထားကာ JMC-S ရုံးများကို ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဖွင့်လှစ်ခဲ့ပြီး JMC-L ရုံးများကို ရှမ်းပြည်နယ် လင်းခေးနှင့် ကရင်ပြည်နယ်ဖာပွန်ဒေသတို့တွင် ဖွင့်လှစ်ခဲ့သည်။

Most Read

Most Recent