တောင်ကြီးမြို့နှင့် ဟိုပုံးအကြားတွင် မူးယစ် ကွင်းဆက်တရားခံဟု စွပ်စွဲခံရသူ လူငယ်နှစ်ဦးကို ဖမ်းဆီးစဉ် တစ်ဦးမှာ သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံး

တောင်ကြီးမြို့နှင့် ဟိုပုံးအကြားတွင် မူးယစ် ကွင်းဆက်တရားခံဟု စွပ်စွဲခံရသူ လူငယ်နှစ်ဦးကို ဖမ်းဆီးစဉ် တစ်ဦးမှာ သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံး
Published 6 May 2018

တောင်ကြီးနှင့် ဟိုပုံးအကြားတွင် မူးယစ် ကွင်းဆက်တရားခံဟု စွပ်စွဲခံရသူ လူငယ်နှစ်ဦးကို ဖမ်းဆီးစဉ် တစ်ဦးမှာ သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးခဲ့ကြောင်း သေနတ်ဖြင့် အပစ်ခံရသည့် လူငယ်၏ မိသားစုဝင်များက ပြောကြားသည်။

ဖြစ်စဉ်မှာ မေ ၃ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ်ဖြင့် အပစ်ခံရသူ လူငယ်နှင့်အတူ လိုက်ပါလာသည့် ကျန်တစ်ဦးကို ဟိုပုံး မြို့မရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။

“ဟုတ်တယ်။ မူးယစ်အဖွဲ့က တရားခံ သွားဖမ်းတာ။ ပစ်လိုက်လို့ တရားခံ သေသွားတယ်။ ပဲခူးအမှု ကွင်းဆက်တရားခံလို့ သိရတယ်”ဟု တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ရဲမြင့်က ပြောကြားသည်။

အဆိုပါ လူငယ်နှစ်ဦးမှာ တောင်ကြီးမြို့သို့ သွားရောက် လည်ပတ်ခြင်းဖြစ်ပြီး အပြန်တွင် ယင်းကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးသူမှာ ၁၈ နှစ်အရွယ် စိုင်းအောင်ဘ ဆိုသူဖြစ်ပြီး နဖူးတည့်တည့်တွင် ကျည်ဆန် ထိမှန်သည့် ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် ၎င်း၏ အလောင်းအား ဟိုပုံးမြို့ဆေးရုံတွင် ထားရှိကြောင်း၊ ဖမ်းဆီးခံထားရသူမှာ အသက် ၃၀ အရွယ်ရှိ စိုင်းလူ ဆိုသူဖြစ်ကြောင်း မိသားစုဝင်များက ပြောကြားသည်။

“မနေ့က ၉ နာရီလောက် ဟိုပုံးရောက်ပြီး ဆေးရုံသွားကြည့်တော့ နဖူးတည့်တည့်ကို မှန်တယ်။ နောက်တစ်ယောက်ကိုတော့ ရဲစခန်းမှာ ထားတယ်။ မူးယစ်အဖွဲ့က ဖမ်းတာ။ သူတို့လက်ထဲမှာ ဘာမှလည်း မရှိဘူး။ ဟိုတစ်ယောက် ဘာဖြစ်တာလဲဆိုတာ ရဲကိုမေးတာ ဘာမှလည်း မသိဘူး။ အဖမ်းခံထားရသူနဲ့ စကားပြောရတာ မပြေဘူး။ အပေါ့ဆင်းပေါက်ရင်းနဲ့ အပစ်ခံရသူ တစ်ယောက်က ကားပေါ်မှာရှိတယ်။ သူက ဆင်းသွားပြီးတော့ အယ်လ်ဖတ်တစ်စီးနဲ့ ဖမ်းသွားတယ်။ အဲဒီတစ်ယောက် ဆုံးသွားတာတွေ့မှ သိရတယ်။ ဖမ်းတဲ့အဖွဲ့ပဲ ပစ်တယ်လို့ ယူဆတယ်။ သူများကို သေနတ်လုလို့ ပစ်တယ်လို့ ပြောတယ်။ ကလေးက ၁၈ နှစ်ပဲ ရှိသေးတော့ ဖြစ်နိုင်မလား။ ပစ်နိုင်မလား စဉ်းစားတာပေါ့”ဟု သေနတ်ဖြင့် အပစ်ခံရသူ၏ မိသားစုဝင်တစ်ဦးက ပြောကြားသည်။

၎င်းတို့နှစ်ဦးမှာ တောင်ကြီးမြို့သို့ ကိုယ်ပိုင်ယာဉ်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်ပြီး ကောင်ငင်းရွာနှင့် လွယ်တန်းရွာအကြားတွင် အပေါ့သွားရန် ရပ်တန့်ခဲ့ကြောင်း၊ ယင်းသို့ ရပ်တန့်ထားစဉ် ဖမ်းဆီးခံထားရသူ လူငယ်က ထိုစဉ်က အပေါ့သွားရန် ကားပေါ်မှ ဆင်းခဲ့ကြောင်း၊ သေနတ်ဖြင့် အပစ်ခံရသူမှာ ထိုစဉ်က ယာဉ်ပေါ်တွင် ထိုင်နေကြောင်း၊ ထိုစဉ် မူးယစ်အဖွဲ့က လာရောက် ဖမ်းဆီးခြင်းဖြစ်သည်ဟု ဖမ်းဆီးခံထားရသည့် လူငယ်အား သွားရောက် တွေ့ဆုံမေးမြန်းခဲ့သူ မိသားစုဝင်များက ပြောကြားသည်။

ယင်းသို့ မူးယစ်ဆေးဝါး သံသယဖြင့် သေနတ်ဖြင့် အပစ်ခံရသူ လူငယ်နှင့် ဖမ်းဆီးခံရသူ လူငယ်တို့နှစ်ဦးမှာ မူးယစ်ဆေးဝါးကိစ္စဖြင့် နာမည်ပျက် မရှိကြောင်း၊ ၎င်းတို့ စီးနင်းလာသည့် မော်တော်ယာဉ်မှာလည်း တရားဝင်လိုင်စင်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောကြားသည်။

“ကလေးက ဘာလို့သေတာလဲ။ အမှန်တရားကိုပဲ သိချင်တာပေါ့နော်။ ဘယ်လို သေတာလဲ။ ဘာကြောင့် ဖြစ်တာလဲ။ ဘာအပြစ်နဲ့ သတ်တာလဲပေါ့။ လုပြီး သေတာလဲ။ ဘာအပြစ်ရှိလို့လဲပေါ့”ဟု စွပ်စွဲခံရသူနှစ်ဦး၏ မိသားစုဝင်များက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မိသားစုဝင်များက ရဲတပ်ဖွဲ့သို့ မေးမြန်းခဲ့သော်လည်း တိကျသည့်အဖြေ မရရှိခဲ့ကြောင်း၊ မူးယစ်မှုဖြင့် သံသယဟုသာ ပြောဆိုပြီး အသေးစိတ်ကို ပြောကြားခြင်း မရှိကြောင်း မိသားစုဝင်များက ပြောကြားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ The Daily Eleven သတင်းစာက ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး စိုးထွန်းဝင်းအား ဖုန်းဖြင့် မေးမြန်းရာ “ဟုတ်တယ်။ အဲဒါကတော့ ကွင်းဆက်တရားခံလို့ သိရတယ်။ ကွင်းဆက်တရားခံ လိုက်တာ ဖုန်းနဲ့ ဆက်သွယ်တယ်၊၊ အခု လူကြီးခရီးစဉ် လိုက်နေတယ်။ မအားသေးဘူးဗျ”ဟု ပြောကြားသည်။

ထိုသို့ နဖူးတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည့် လူငယ်နှင့် ပတ်သက်၍ တိကျသော အဖြေမရရှိခြင်းကြောင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရဲတပ်ဖွဲ့သာမက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အထိပါ အဆင့်ဆင့် တင်ပြသွားမည် ဖြစ်ကြောင်း မိသားစုဝင်များက ဆိုသည်။

Most Read

Most Recent