အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းအရ ညောင်တုန်းမြို့နယ်အတွင်း ကျေးရွာလေးရွာတွင် တပ်ဆင်အသုံးပြုမည့် ဆိုလာပြားများမှာ ဒေသခံများကို ပြောကြားခဲ့စဉ်က ထုတ်လုပ်သည့်နိုင်ငံနှင့် အမှန်တကယ်ချပေးရာတွင် ပစ္စည်းထုတ်လုပ်သည့်နိုင်ငံ ကွာခြားမှုများ ရှိနေသောကြောင့်ဟုဆိုကာ ဒေသခံများက စီမံကိန်းအားငြင်းဆို

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းအရ ညောင်တုန်းမြို့နယ်အတွင်း ကျေးရွာလေးရွာတွင် တပ်ဆင်အသုံးပြုမည့် ဆိုလာပြားများမှာ ဒေသခံများကို ပြောကြားခဲ့စဉ်က ထုတ်လုပ်သည့်နိုင်ငံနှင့် အမှန်တကယ်ချပေးရာတွင် ပစ္စည်းထုတ်လုပ်သည့်နိုင်ငံ ကွာခြားမှုများ ရှိနေသောကြောင့်ဟုဆိုကာ ဒေသခံများက စီမံကိန်းအားငြင်းဆို
Published 6 May 2018

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းအရ ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာသန်း ၉၀ နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေသည့် မဟာဓာတ်အားလိုင်း ပြင်ပကျေးရွာများ မီးလင်းရေးအတွက် တစ်အိမ်သုံးဆိုလာစနစ်များ တပ်ဆင်ရေးစီမံကိန်းအား အကောင်အထည်ဖော်ရာတွင် တစ်အိမ်သုံးဆိုလာစနစ် တပ်ဆင်ရန် အဆိုပြုခဲ့သည့် ညောင်တုန်းမြို့နယ်အတွင်းရှိ ကျေးရွာလေးရွာမှ ဒေသခံများက ကျေးရွာမီးလင်းရေးအတွက် တပ်ဆင်ပေးမည့် ဆိုလာပြားနှင့် ဘက်ထရီများမှာ သက်ဆိုင်ရာတာဝန်ရှိသူများက ဒေသခံများကို ပြောကြားခဲ့သည့် ထုတ်လုပ်သည့်နိုင်ငံနှင့် တကယ်တမ်းချထားပေးသည့် ပစ္စည်းများအား ထုတ်လုပ်သည့်နိုင်ငံမှာ ကွာခြားနေသောကြောင့်ဟုဆိုကာ ယင်းစီမံကိန်းအား ငြင်းဆိုခဲ့ကြကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ညောင်တုန်းမြို့နယ်အတွင်းရှိ ဦးဂျိုးလေးစုကျေးရွာ၊ ချောင်းမကြီးကျေးရွာ၊ ကုန်းတန်းကျေးရွာ၊ မင်းလမ်းစုကျေးရွာများတွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းအရ ဆိုလာပြားများ တပ်ဆင်အသုံးပြုနိုင်ရန် ညောင်တုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက လာရောက်ဆွေးနွေးခဲ့ကြောင်း၊ ယင်းကဲ့သို့ ဆွေးနွေးခဲ့စဉ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူက ကျေးရွာများတွင် တပ်ဆင်ပေးမည့် ဆိုလာပြားများနှင့် စက်ကိရိယာများမှာ ဂျပန်နိုင်ငံနှင့် ဂျာမနီနိုင်ငံများမှ ထုတ်လုပ်သည့် ပစ္စည်းများဖြစ်မည်ဟု ပြောဆိုခဲ့ကြောင်း၊ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း မဟာဓာတ်အားလိုင်း ပြင်ပမီးလင်းရေး စီမံကိန်းလုပ်ငန်းစဉ်များအရ ဆိုလာပြားများ တပ်ဆင်ရေးအတွက် ကျေးရွာလူထုမှ ကုန်ကျငွေ၏ ၁၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၂၀ အထိ ထည့်သွင်းကျခံပေးရမည်ဖြစ်ကြောင်း၊ ကျေးရွာဒေသခံများနှင့် တာဝန်ရှိသူများ ညှိနှိုင်းချက်အရ ကျေးရွာများက တစ်အိမ်ထောင်လျှင် ကျပ်တစ်သိန်းငါးသောင်းအား ကျခံပေးမည်ဟု ကတိပြုခဲ့ကြောင်း၊ ဆိုလာပြားများ တပ်ဆင်ပေးရန်အတွက် ပစ္စည်းများရောက်ရှိချိန်၌ ဒေသခံများက သွားရောက်ကြည့်ရှုရာ မူလဆွေးနွေးပြောကြားခဲ့စဉ်က ဂျပန်နိုင်ငံနှင့် ဂျာမနီနိုင်ငံမှ ထုတ်လုပ်သည့် ပစ္စည်းများဆိုသည်မှာ တရုတ်နိုင်ငံထုတ်ပစ္စည်းများသာ ဖြစ်နေသောကြောင့် ယင်းစီမံကိန်းကို လက်ခံရန် ငြင်းဆိုခဲ့ကြကြောင်း သိရသည်။

“သူတို့နဲ့ ကျွန်တော်တို့ဆွေးနွေးခဲ့စဉ်က ဂျာမနီ သို့မဟုတ် ဂျပန်ဖြစ်မယ်လို့ ပြောသွားပြီးမှ အခု တရုတ်တွေဖြစ်နေလို့ ကျွန်တော်တို့က ငြင်းလိုက်တာပါ။ ကျွန်တော်တို့က ကျေးလက်ရုံးကို ပိုက်ဆံသွားသွင်းတော့ ပစ္စည်းတွေ ရောက်နေတာက တရုတ်ပစ္စည်းတွေဖြစ်နေလို့ မယူတော့တာ။ တရုတ်ဖြစ်ဆိုပေမဲ့ ဂျပန်နည်းပညာပါ။ ကောင်းပါလိမ့်မယ်။ ကျွန်တော်တို့ ပြည်သူတွေ အမှတ်မှားတာလို့ပြောတယ်။ ဒါပေမဲ့ သိရတာနဲ့ရတာနဲ့မတူလို့ ကျွန်တော်တို့ရွာတွေက မယူတော့တာ” ဟု မင်းလမ်းစုကျေးရွာမှ ဒေသခံ ကိုကျော်စွာဝင်းက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံများနှင့် သွားရောက်ဆွေးနွေးစဉ်က လိုက်ပါခဲ့သူ ညောင်တုန်းမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးကလည်း ၎င်း၏ Facebook စာမျက်နှာပေါ်တွင် တရုတ်နိုင်ငံထုတ်ပစ္စည်များ ဖြစ်နေသည်ကို ဝေဖန်ပြောကြားခဲ့ပြီးနောက် National Electrification Project ၏ Facebook Page မှလည်း ဒေါ်နီနီမိုး၏ ရေးသားချက်အား ပြန်လည်တုံ့ပြန်ခဲ့ပြီးနောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကလည်း နေပြည်တော်တွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

“အစ်မတို့ ၂၀၁၇၊ ၁၁ လပိုင်းလောက်မှာ ကျေးလက်ဦးစီးမှူးနဲ့ ကျေးရွာကို ကွင်းဆင်းရတယ်။ အဲဒါမှာ 60W က ဘယ်နှလုံးယူမှာလဲ။ 100W က ဘယ်နှလုံးယူမှာလဲ မေးပြီးတော့ စီမံကိန်းလုပ်ငန်းအကြောင်းကို ရှင်းပြတယ်။ ရှင်းပြတာမှာ ဦးစီးက 60W ဆို ငါးသောင်း၊ 100W ဆို တစ်သိန်းခွဲဆိုပြီး ပြောတယ်။ စီမံကိန်းရဲ့မူဝါဒအရ ကျေးရွာက ၂၀ ရာခိုင်နှုန်း၊ ဌာနက ၂၀ ရာခိုင်နှုန်း၊ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းက ကမ္ဘာ့ဘဏ်ချေးငွေကနေပေါ့။ အဲဒီလိုတွက်လိုက်တော့ ပစ္စည်းတန်ဖိုးက ခုနစ်သိန်းခွဲကျတယ်။ ရွာက တစ်သိန်းခွဲ စိုက်ရမယ်ပေါ့။ မြို့နယ်ဦးစီးကလည်း ဂျာမနီနဲ့ ဂျပန်ဆိုလာဆိုတဲ့ဟာမျိုး ပြောသွားတဲ့အခါမှာ ကျေးရွာကလည်း ခုနစ်သိန်းခွဲတန်တဲ့ဟာဆိုတော့ ဂျပန်၊ ဂျာမနီဟုတ်မှာဆိုပြီး ယူလိုက်တယ်။ ငွေသွင်းတဲ့အခါမှကျတော့မှ တရုတ်ပစ္စည်းဖြစ်နေတော့ ရွာက လုံးဝမယူတော့တာ။ သူတို့မယူတော့လို့ အစ်မတို့ကို လှမ်းအကြောင်းကြားလို့ အစ်မတို့ကသိရတာ။ အစ်မရဲ့ Facebook စာမျက်နှာမှာလည်း ပြောတုန်းကတစ်မျိုးဖြစ်ပြီး အခုတစ်မျိုးဖြစ်နေတာကို သိရလို့ ရေးလိုက်တာပေါ့။ အခုလို ငြင်းဆိုလိုက်တာက ပြည်သူတွေရဲ့သဘောပေါ့။ သူတို့ဘက်က ရှင်းထားတာရှိသေးတယ်။ အနည်းဆုံးဈေးနဲ့ တင်ဒါအောင်တာကို ဆွဲလိုက်ရတာဆိုတာ အနည်းဆုံးဈေးနဲ့ဆိုရင် အခုပြောတာက 100W ကို သုံးသိန်းခုနစ်သောင်းနဲ့ တင်ဒါအောင်သွားတယ်လို့ပြောတယ်။ ပြည်သူဆီက ကောက်ထားတုန်းကကျတော့ ခုနစ်သိန်းခွဲလောက်ကျတယ်ဆိုပြီး တင်ဒါမအောင်ခင်ကတည်းက ကောက်ထားတာဆိုတော့ ဈေးကကွာဟမှုတွေလည်း ရှိနေတယ်။ အဲဒါကို မေးစရာရှိလာတာ” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးက ပြောကြားသည်။

ယင်းအငြင်းပွားမှုနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးသန်းကလည်း မေ ၅ ရက်တွင် မီဒီယာများနှင့် တွေ့ဆုံပြောကြားခဲ့ရာတွင် မြို့နယ်ဦးစီးမှူးမှာ ကျေးရွာဒေသခံများနှင့် သွားရောက်တွေ့ဆုံစဉ်က ဒေသခံများအား ဂျာမနီနှင့် ဂျပန်နိုင်ငံများမှ ပစ္စည်းများကဲ့သို့ အရည်အသွေးကောင်းမွန်သည့် ပစ္စည်းများဖြစ်သည်ဟု ပြောဆိုခဲ့ခြင်းအား ဒေသခံများက နားလည်မှုလွဲခဲ့ခြင်းသာဖြစ်ကြောင်း ပြန်လည်ဖြေရှင်းပြောကြားခဲ့သည်။

Most Read

Most Recent