၂၀၁၈ မိုးရာသီ စိုက်ပျိုးစရိတ်ထုတ်ချေးရာတွင် အစုအဖွဲ့များဖြင့် ချေးသည်စနစ်ကို အသုံးမပြုတော့ဘဲ တစ်ဦးချင်း ပေးချေးသည့်စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည်

၂၀၁၈ မိုးရာသီ စိုက်ပျိုးစရိတ်ထုတ်ချေးရာတွင် အစုအဖွဲ့များဖြင့် ချေးသည်စနစ်ကို အသုံးမပြုတော့ဘဲ တစ်ဦးချင်း ပေးချေးသည့်စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည်
Published 6 May 2018

၂၀၁၈ မိုးရာသီ စိုက်ပျိုးစရိတ် ထုတ်ချေးရာတွင် ယခင်နှစ်များကဲ့သို့ တောင်သူအစုအဖွဲ့များဖြင့် ချေးသည်စနစ် အသုံးမပြုတော့ဘဲ တောင်သူတစ်ဦးချင်း ပေးချေသည့်စနစ်ဖြင့် ပြင်ဆင်ဆောင်ရွက်မူကို ပြည်ထောင်စုအဆင့် အတည်ပြုချက်ရယူပြီး စတင်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

စိုက်ပျိုးစရိတ်များ ထုတ်ချေးရာတွင် ယခင်တောင်သူအစုအဖွဲ့ သုံးဦးတစ်စုဖြင့် ထုတ်ချေးရာတစ်ဦးက စိုက်စရိတ်အကြွေးကျေပြီး ကျန်နှစ်ဦးက အကြွေးမကျေ၍ စိုက်စရိတ်ကျေ တောင်သူသည် နောင်စရိတ် ထုတ်ချေးလို့မရသည့်အတွက် တကယ်စိုက်စရိတ်ဆပ်သူများ နစ်နာမှုရှိသောကြောင့် ယခုနှစ် မိုးရာသီချေးငွေထုတ်ချေးရာတွင် အစုအဖွဲ့ချေးယူသည့်စနစ်ကို ပြောင်းလဲလိုက်ပြီး တောင်သူတစ်ဦးစီ မိမိကိုယ်မိမိ တာဝန်ယူဆပ်ရမည်ဖြစ်ကြောင်း ယခင်ကဲ့သို့ တောင်သူ၏ ပုံစံ (၇) ကို မိတ္တူမယူတော့ဘဲ မူရင်းပုံစံ (၇) ကို မြန်မာလယ်ယာဖွံ့ဖြိုးဘဏ်က သိမ်းဆည်းသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မန္တလေးဘဏ်ခွဲ) တိုင်းမန်နေဂျာ ဦးဝင်းမြင့်က ပြောကြားသည်။

“ယခင်က တောင်သူအစုအဖွဲ့စုဖွဲ့ ချေးငွေထုတ်ပေးတော့ တစ်ယောက်ဆပ်ပြီး ကျန်တဲ့ တောင်သူနှစ်ဦးက ပြန်မဆပ်နိုင်တာကြောင့် နောက်ထပ် ချေးငွေပေးတဲ့အချိန်ရရှိမှု မရှိခဲ့ဘူး။ အမှန်တကယ်ပြန်ဆပ်တဲ့ တောင်သူတွေ နစ်နာမှုရှိခဲ့တာကြောင့် ယခုနှစ် မိုးရာသီစိုက်စရိတ်ချေးငွေ ထုတ်ချေးမည့်စနစ်ကို ပြောင်းလဲခဲ့တယ်။ အစုအဖွဲ့ သုံးယောက်တစ်ဖွဲ့ စိုက်စရိတ် ထုတ်ချေးမပေးတော့ဘဲ တောင်သူတစ်ဦးစီ မိမိကိုယ်ကိုယ် တာဝန်ယူရမှာဖြစ်တယ်။ နောက်တစ်ခုက တောင်သူပိုင်တဲ့ ပုံစံ (၇) မူရင်းကို ဘဏ်က သိမ်းဆည်းမှာဖြစ်တယ်။ ယခင်က ကျွန်တော်တို့ဌာနက ပုံစံ (၇) ကို မိတ္တူအဖြစ် သိမ်းဆည်းတယ်။ ဒါပေမဲ့ ၂၀၁၈ မိုးရာသီချေးငွေကြရင် တောင်သူပိုင်တဲ့ ပုံစံ (၇) မူရင်းသိမ်းဆည်းမှာဖြစ်တယ်။ ကျွန်တော်တို့ရုံးချူပ်က ညွှန်ကြားချက် မကြာခဏထုတ်ပြန်ပြီး ဒါတွေကို ပြင်ဆင်ဆောင်မှုကို ပြည်ထောင်စုအဆင့် အတည်ပြုချက်ရယူပြီး မကြာခင် သတင်းထုတ်ပြန် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်” ဟု မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ် (မန္တလေးဘဏ်ခွဲ) တိုင်းမန်နေဂျာ ဦးဝင်းမြင့်က ပြောကြားသည်။

မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများက ၂၀၁၇ ခုနှစ် မိုးရာသီ စိုက်ပျိုးချေးငွေအဖြစ် စပါးတစ်ဧကလျှင် ကျပ်တစ်သိန်းခွဲ၊ တခြားစိုက်ပျိုးသီးနှံများဖြစ်သည့် ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ကြံတို့အတွက် တစ်ဧကလျှင် ကျပ်ငါးသောင်းနှုန်း၊ ယခုနှစ်တွင် ချေးပေးထားသည့် မိုးသီးနှံချေးငွေကို မေမှ စက်တင်ဘာလအကုန်အထိ ထုတ်ချေးထားပြီး လာမည့်ဧပြီလအထိ ပြန်လည်ပေးဆပ်ပြီး အတိုးနှုန်းထားမှာ ရှစ်ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း သိရသည်။

မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးကြိုမိုးရာသီနှင့် ဆောင်းရာသီများအတွက် တစ်နှစ်လျှင် သုံးကြိမ်ချေးငွေ ထုတ်ချေးပေးနေပြီး သက်မှတ်ကာလထက် ကျော်လွန်ပြီး ပေးဆပ်မှုမရှိသည့် တောင်သူများကို ဘဏ်ဥပဒေ၊ နည်းဥပဒေ၊ တည်ဆဲဥပဒေ အရေးယူဆောင်ရွက်ဖို့ မြို့နယ်ချေးငွေအကြံပေးအဖွဲ့ထားပြီး ၎င်းအကြံပေးအဖွဲ့၏ ဆုံးဖြတ်မှုအတိုင်းကို မြန်မာလယ်ယာဖွံ့ဖြိုးဘဏ်က အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်သည်ဟု သိရသည်။

မန္တလေးတိုင်းဒေသကြီးအနေဖြင့် ၂၀၁၆ မိုးရာသီ သီးနှံအနည်းငယ်သာ ကျန်ရှိပြီး ၂၀၁၇ မိုးရာသီသီးနှံမှာ လက်ရှိကောက်ခံရန် ၂၅ ရာခိုင်နှုန်းခန့်သာ ကျန်သေးကြောင်း သိရသည်။

Most Read

Most Recent