မင်းကွန်းယဉ်ကျေးမှုဇုန် ဝင်ကြေးကောက်ခံရေး တင်ဒါအား လေလံဆွဲမည့်သူမရှိသဖြင့် ယခုဘဏ္ဍာနှစ်အတွက် စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီက ဇုန်ဝင်ကြေး (ယာယီ) ကောက်ခံနေရ

မင်းကွန်းယဉ်ကျေးမှုဇုန် ဝင်ကြေးကောက်ခံရေး တင်ဒါအား လေလံဆွဲမည့်သူမရှိသဖြင့် ယခုဘဏ္ဍာနှစ်အတွက် စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီက ဇုန်ဝင်ကြေး (ယာယီ) ကောက်ခံနေရ
Published 6 May 2018

မင်းကွန်းယဉ်ကျေးမှုဇုန်သို့ ဘုရားဖူးကြသူများနှင့် လာရောက်လည်ပတ်ကြသူများအား တွေ့ရစဉ်

မင်းကွန်းယဉ်ကျေးမှုဇုန် ဝင်ကြေးကောက်ခံရေး တင်ဒါလေလံဆွဲမည့်သူ မရှိသဖြင့် ယခုဘဏ္ဍာနှစ်အတွက် စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီက ဇုန်ဝင်ကြေး (ယာယီ) ကောက်ခံနေရကြောင်း သိရသည်။

မင်းကွန်းယဉ်ကျေးမှုဇုန် ဝင်ကြေးကောက်ခံမှုတင်ဒါအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တစ်နှစ်တစ်ခါ တင်ဒါပေးလေ့ရှိပြီး ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ဇုန်ဝင်ကြေးကောက်ခံမှု လေလံအား မတ် ၃၀ ရက်က အစိုးရအဖွဲ့ရုံး၌ သိန်းလေးထောင်ကျော်ဖြင့် တင်ဒါခေါ်ယူခဲ့သော်လည်း လုပ်ငန်းရှင်တစ်ဦးမျှ လေလံဆွဲယူခြင်းမရှိသဖြင့် စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီက ဧပြီလမှစတင်၍ ဇုန်ဝင်ကြေး (ယာယီ) ကောက်ခံနေရကြောင်း သိရသည်။

“မင်းကွန်းဇုန်ဝင်ကြေးကောက်ခံမှုကို အရင်က တိုင်းရင်းသားလုပ်ငန်းရှင်တွေက လေလံယူပြီး လုပ်ခဲ့တာပါ။ ဒီ ၂၀၁၈-၂၀၁၉ ဘတ်ဂျက်နှစ်အတွက် တင်ဒါခေါ်ပေမဲ့ လေလံဆွဲသူမရှိလို့ အစိုးရအဖွဲ့ကနေ ဒီဘတ်ဂျက် ပထမခြောက်လကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ တိုက်ရိုက်လမ်းညွှန်မှုနဲ့ ကျွန်တော်တို့ စည်ပင်သာယာရေးကော်မတီက ယာယီကောက်ခံပေးနေရတာပါ။ ခါတိုင်းဆွဲနေကြလုပ်ငန်းရှင်က မကိုက်လို့ဆိုပြီး ဒီလုပ်ငန်းကို မှောက်ပစ်လိုက်တော့ လေလံဆွဲမယ့်သူမရှိသလို ဖြစ်သွားတာပေါ့။ ဒီပထမခြောက်လဆိုတာ လေလံလုပ်ငန်းတိုင်းအတွက် မကောင်းခြောက်လဆိုတော့ လုပ်ငန်းကို မှောက်ပစ်လိုက်တဲ့ပုံစံပါ။ အစိုးရအဖွဲ့အနေနဲ့ နစ်နာတာပေါ့။ နစ်နာမယ့်အချိန်ကျ လေလံမဆွဲဘူး။ ကောင်းတဲ့အချိန်မှ လေလံဆွဲမယ်ဆိုတာတော့ မဖြစ်စေခြင်ဘူး” ဟု စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောကြားသည်။

မင်းကွန်းယဉ်ကျေးမှုဒေသသို့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမခြောက်လအတွင်း နိုင်ငံခြားသားခရီးသွားဧည့်သည် လေးသောင်းကျော် ဝင်ရောက်ခဲ့ကာ ဒုတိယခြောက်လအတွင်း သုံးသောင်းကျော် စုစုပေါင်း ရှစ်သောင်းခန့် ဝင်ရောက်လည်ပတ်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တစ်နှစ်လုံး နိုင်ငံခြားသားခရီးသွားဧည့်သည် တစ်သိန်းကျော် ဝင်ရောက်ခဲ့ကြောင်း၊ ဇုန်ဝင်ကြေးအဖြစ် နိုင်ငံခြားသားတစ်ဦးလျှင် ကျပ်ငါးထောင် ကောက်ခံကြောင်း သိရသည်။

မင်းကွန်းယဉ်ကျေးမှုဒေသသို့ အနောက်နိုင်ငံများမှ နိုင်ငံခြားသားခရီးသွားဧည့်သည်များ အုပ်စုလိုက်လာရောက် လည်ပတ်လေ့မရှိကြောင်း၊ ထိုင်း၊ ကိုရီးယား စသည့်အာရှနိုင်ငံများမှ ခရီးသွားဧည့်သည်များ အုပ်စုလိုက် အများဆုံးလာရောက်လည်ပတ်လေ့ရှိကြောင်း၊ စစ်ကိုင်း မင်းကွန်းယဉ်ကျေးမှုဇုန်သို့ ကမ္ဘာလှည့် နိုင်ငံခြားခရီးသွားဧည့်သည်များသည် မန္တလေးမြို့၊ မရမ်းခြံဆိပ်ကမ်းမှ မင်းကွန်းဆပ်ကမ်းသို့ Tour သင်္ဘောများဖြင့် လာရောက်လည်ပတ်မှု များပြားပြီး မန္တလေး-စစ်ကိုင်း-မင်းကွန်းကားလမ်းမမှ ကား၊ ဆိုင်ကယ်၊ စက်ဘီးများဖြင့် လည်ပတ်မှုမှာ နည်းပါးကြောင်း သိရသည်။

Most Read

Most Recent