မိတ္ထီလာခရိုင် ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း ရပ်ထားသော တာဝန်ကျဆရာဝန်၏ကားကို ခိုးယူခဲ့သူကို သက်သေခံကားနှင့်အတူ ပြန်လည်ဖမ်းဆီးရမိ

မိတ္ထီလာခရိုင် ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း ရပ်ထားသော တာဝန်ကျဆရာဝန်၏ကားကို ခိုးယူခဲ့သူကို သက်သေခံကားနှင့်အတူ ပြန်လည်ဖမ်းဆီးရမိ
Published 6 May 2018

မိတ္ထီလာခရိုင် ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း ရပ်ထားသော တာဝန်ကျဆရာဝန်၏ကားကို ခိုးယူခဲ့သူကို သက်သေခံကားနှင့်အတူ ခိုးယူပြီး နာရီပိုင်းအကြာတွင် ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း မိတ္ထီလာခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ သိရသည်။

မေ ၃ ရက် နံနက်ပိုင်းက မိတ္ထီလာမြို့ ဇောင်ချမ်းကုန်းကျေးရွာအုပ်စု၊ ဝါသုတိုးချဲ့ရပ်နေ ဒေါက်တာစုစုေ၀ အသက် ၂၅ နှစ်သည် ၎င်းပိုင်ဆိုင်သော Honda Fit အမျိုးအစား MDY 5J/---- နံပါတ်ပါ အနက်ရောင် ကိုယ်ပိုင်ယာဉ်အား မောင်းနှင်ကာ မိတ္ထီလာခရိုင် ပြည်သူ့ဆေးရုံဝင်း ကလေးဆောင်ရှေ့တွင် ရပ်ထားပြီး ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေခဲ့စဉ် မေ ၄ ရက် နံနက် ၆ နာရီတွင် ကလေးဆောင်ရှေ့ ရပ်ထားသည့်ကားအား မတွေ့ရှိရသဖြင့် လိုက်လံရှာဖွေစုံစမ်းခဲ့ပြီး မွန်းလွဲပိုင်းတွင် မိတ္ထီလာမြို့မရဲစခန်းသို့ ပျောက်ဆုံးကားအား ပြန်လည်ရှာဖွေပေးပါရန် တရားလို ပြုလုပ်တိုင်ကြားခဲ့ကြောင်း သိရသည်။ ထိုသို့ကားပျောက်ဆုံးကြောင်း တိုင်ကြားခဲ့သဖြင့် မိတ္ထီလာမြို့မ ရဲစခန်းမှူး ဒုရဲမှူးကျော်ထင်နှင့် ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ်တင်ထွန်းအောင်၊ ဒုရဲအုပ်လှစိုးမိုးတို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ လိုက်လံစုံစမ်းခဲ့ရာ ညနေ ၃ နာရီတွင် မိတ္ထီလာမြို့၊ ဝန်ဇင်းရပ်ကွက်အတွင်းရှိ မုန့်ဆိုင်တွင် မသင်္ကာဖွယ်တွေ့ရှိရသူ ကျောက်ပန်းတောင်းမြို့နယ်၊ တလိုင်းကန်ကျေးရွာနေ ဘချစ် (ခ) မျိုးလွင် အသက် ၂၉ နှစ်အား စစ်ဆေးရာမှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ခိုးယူခံရသည့်ကားအား ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“ပျောက်တာက နံနက်ခင်းထဲကပျောက်တာ။ သူတို့ဦးလေးပဲ ယူမောင်းသွားသလိုလို ဖြစ်နေတာ။ နေ့ခင်းပိုင်းကျမှပျောက်တာ သေချာတယ်ဆိုပြီး စခန်းမှာအမှုဖွင့်တော့ ကျွန်တော်တို့ကိုလှမ်းပြောတယ်။ သွားစစ်တော့ ကားဘေးနားမှာ ဆိုင်ကယ်တစ်စီး ကျန်ခဲ့တယ်။ အဲဒါနဲ့ ခရိုင်မှူးက အကုန်လုံးခေါ်ပြီး ကျွန်တော်တို့အဖွဲ့တွေ၊ စခန်းအဖွဲ့တွေ တိုးဂိတ်တွေ လိုက်စုံစမ်းကြတယ်။ အဲဒီလိုစုံစမ်းတော့ နံနက် ၇ နာရီလောက်က သပြေဝတိုးဂိတ်ကနေ ကားက မိတ္ထီလာမြို့ထဲ ပြန်ဝင်လာတာ သွားတွေ့တယ်။ အဲဒါနဲ့ အခြားတိုးဂိတ်တွေကို လှည့်စုံစမ်းတော့ ဒီကားက ဘယ်မှမထွက်ဘူးဖြစ်နေတယ်။ မြို့ထဲမှာပဲ ရှိမလား။ ရွာလမ်းတွေကများ မြို့ပြင်ထွက်သွားသလား စဉ်းစားရခက်နေတယ်။ အဲဒီလိုဖြစ်နေတုန်းမှာ တပ်ကြပ်ကြီး ထိုက်ဝေက Facebook အကောင့်တစ်ခု ပို့ပေးတယ်။ အဲဒီအကောင့်နဲ့ တိုးဂိတ်မှာ ပိုက်ဆံရှင်းတဲ့လူက တော်တော်တူနေတယ်။ အဲဒီ Facebook အကောင့်ကို ဝင်ရှာကြည့်တော့ ဝန်ဇင်းထဲက တိုက်တန်းတစ်ခုက ကိတ်မုန့်ဆိုင်မှာရိုက်ထားတဲ့ ဓာတ်ပုံတွေ သွားတွေ့တယ်။ အဲဒီဆိုင်မှာစုံစမ်းတော့ ဆိုင်ကို မကြာမကြာလာတတ်တယ်ဆိုတာနဲ့ ဖုန်းဆက်ခေါ်ခိုင်းပြီး သိပ်မကြာဘူး ရောက်လာတယ်။ ရောက်လာမှ ကျွန်တော်တို့ကဘယ်ကတုံး၊ ဘယ်သူတုံးစစ်ပြီး ကိုယ်ခန္ဓာကိုရှာတော့ ကားသော့သွားတွေ့တယ်။ အဲဒီနားမှာ ရပ်ထားတဲ့ကားလည်း လိုက်ပြတယ်။ ခိုးတဲ့လူက ည ၁၂ နာရီလောက်မှာ ထမင်းထွက်စားပြီး ဆေးရုံထဲဝင်တယ်။ တာဝန်ကျ ဆရာမနားနေအခန်းက ပိုက်ဆံအိတ်ကို သွားမြင်တာနဲ့ ဝင်ယူလာတာ၊ ပိုက်ဆံအိတ်ထဲမှာ ကားသော့ပါလာတော့ ကားမောင်းထွက်ချသွားတာ၊ အခုစစ်ဆေးကြည့်တော့ ညခင်းထဲက ပတ်မောင်းပြီး ဝမ်းတွင်းမြို့နားက ဘုရားဝင်းထဲဝင်တယ်၊ ဝင်ပြီးနောက် ပြန်အထွက်မှာ ကားနည်းနည်းတိုက်ခဲ့တယ်။ အဲဒီကနေမှ မိတ္ထီလာကို ပြန်ဝင်လာတယ်။ ဆေးရုံဝန်းထဲ ကျန်နေတာလည်း သူ့ဆိုင်ကယ်ပြောတယ်။ ကျူးလွန်တာလည်း တစ်ယောက်တည်းလို့ပဲ လောလောဆယ် သိရတယ်၊ အရင်ပြစ်မှု ရှိ မရှိ အသေးစိတ်တော့ ထပ်စစ်ဆေးနေတုန်းပဲ” ဟု မိတ္ထီလာခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ်တင်ထွန်းအောင်က ပြောကြားသည်။

အဆိုပါအမှုအား မိတ္ထီလာမြို့မရဲစခန်းမှ (ပ) ၂၁၃/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent