ယခုနှစ်အတွင်း နိုင်ငံတစ်ဝန်းတွင် မီးလောင်မှု ၈၅၁ ကြိမ်ဖြစ်ပွားပြီး ငလျင်လှုပ်ခတ်မှု ၆၉ ကြိမ်ရှိ

ယခုနှစ်အတွင်း နိုင်ငံတစ်ဝန်းတွင် မီးလောင်မှု ၈၅၁ ကြိမ်ဖြစ်ပွားပြီး ငလျင်လှုပ်ခတ်မှု ၆၉ ကြိမ်ရှိ
Published 6 May 2018

ငလျင်လှုပ်ပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ခြင်းအား မီးသတ်တပ်ဖွဲ့ဌာနချုပ်တွင် ဇာတ်တိုက်လေ့ကျင့်စဉ် (ဓာတ်ပုံ- ကျော်ဇင်ဇြိုး)

ယခုနှစ် ဇန်ဝါရီမှ ဧပြီလအတွင်း နိုင်ငံတစ်ဝန်း မီးလောင်ကျွမ်းမှု ၈၅၁ ကြိမ်ဖြစ်ပွားပြီး ငလျင်လှုပ်ခတ်မှု ၆၉ ကြိမ်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက (၇၂) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက မိန့်ခွန်းပြောကြားရာတွင် နှစ်စဉ်မီးလောင်မှုများကို ကြည့်မည်ဆိုပါက ၂၀၁၆ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းလုံးတွင် မီးလောင်မှု ၁၈၄၇ ကြိမ်၊ ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း လေးသောင်းတစ်ထောင်ခန့်၊ ၂၀၁၇ ခုနှစ်အတွင်း မီးလောင်မှု ၁၈၃၂ ကြိမ်၊ ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း လေးသောင်းခုနစ်ထောင်ခန့် ဆုံးရှုံးခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ဧပြီလအထိ မီးလောင်မှု ၈၅၁ ကြိမ်၊ ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း သုံးထောင့်သုံးရာကျော် ဆုံးရှုံးခဲ့ကြောင်း၊ ယခုကဲ့သို့ ဆုံးရှုံးမှုများမှာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေသည့်အတွက် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတာဝန်ယူရသည့် နယ်ပယ်ဒေသအသီးသီးတွင် မီးဘေးလုံခြုံရေးနှင့် ပတ်သက်၍ လွှမ်းခြုံမိစေရန် လုပ်ငန်းတာဝန်အဆင့်ဆင့်ကို အစီအမံပြုလုပ်ပြီး နေ့စဉ်၊ အပတ်စဉ်၊ လစဉ်၊ နှစ်စဉ်ကာလအလိုက် တစိုက်မတ်မတ် ဆောင်ရွက်ရဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ငလျင်ဘေးအန္တရာယ် မှတ်တမ်းများအရ ၂၀၁၆ ခုနှစ်တွင် ၃၆ ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် ၆၆ ကြိမ် လှုပ်ခတ်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ဧပြီလအထိ ၆၉ ကြိမ် လှုပ်ခတ်ခဲ့သဖြင့် ငလျင်လှုပ်ခတ်မှုအကြိမ် ပိုမိုများလာသည်ကို တွေ့ရှိရကြောင်း၊ ငလျင်လှုပ်ပြီဆိုပါက အထပ်မြင့်အဆောက်အအုံများ ပြိုကျခြင်း၊ ရေပေးဝေရေးပိုက်လိုင်းများ ဓာတ်ငွေ့ပိုက်လိုင်းများ၊ လျှပ်စစ်ဓာတ်အားများ ပြတ်တောက်ပျက်စီးမည်ဖြစ်ကြောင်း၊ နောက်ဆက်တွဲ မီးလောင်မှုနှင့်အတူ ဘေးဒုက္ခ ရင်ဆိုင်သူပမာဏလည်း များစွာဖြစ်ပေါ်နိုင်ကြောင်း၊ ယင်းအခြေအနေများတွင် ပိတ်မိနေသူများ၊ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသူများကို ရှာဖွေကယ်ဆယ်ရေးလုပ်ရသည့် မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းရည်၊ နည်းပညာနှင့် ခေတ်မီလုပ်ငန်းသုံး အထောက်အကူပြုပစ္စည်းများကို အသုံးပြုပြီး ရှာဖွေကယ်ဆယ်ရေးများ လုပ်သည့်အခါ အလွန်အန္တရာယ်များပြီး ခက်ခဲကြမ်းတမ်းခြင်းကြောင့် ယုံကြည်ချက်ခိုင်မာသူ၊ နည်းပညာပိုင်နိုင်ကျွမ်းကျင်သူ၊ လေ့ကျင့်ရည် ပြည့်ဝသူများသာလျှင် စွမ်းဆောင်နိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

ထို့ပြင် ဖွံ့ဖြိုးတိုးတတ်လာမှုနှင့်အတူ လူနေမှုပုံစံများ ပြောင်းလဲလာသည့်အတွက် ပြည်သူများအနေဖြင့် ဘေးအန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်လာရကြောင်း၊ မီးဘေးအန္တရာယ်အပြင် အခြားသောဓာတုပစ္စည်း၊ ဇီဝပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်းများ၏ အန္တရာယ်များလည်း ဖြစ်ပွားလာကြောင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်း၊ ငလျင်လှုပ်ခတ်ခြင်း စသည့် သဘာဝဘေးအန္တရာယ်များလည်း ရင်ဆိုင်လာရသည့်အတွက် လူ၊ အထောက်အကူပြု ယာဉ်/စက်ပစ္စည်းများနှင့် နည်းပညာဆိုသည့် အခြေပြုကဏ္ဍသုံးရပ်ကို ဟန်ချက်ညီစေရန် ကြိုတင်ပြင်ဆင် လေ့ကျင်ထားကြရန်၊ လုပ်ငန်းများနှင့်ပတ်သက်ပြီး အမြော်အမြင်ရှိရှိ စီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားသည်။

Most Read

Most Recent