မကူးစက်တတ်သောရောဂါများနှင့် ပတ်သက်သော နည်းပညာအကူအညီများ ပေးလိုကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံ Defect-NCD Partnership နှင့် UNOPS အဖွဲ့ အဆိုပြု

မကူးစက်တတ်သောရောဂါများနှင့် ပတ်သက်သော နည်းပညာအကူအညီများ ပေးလိုကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံ Defect-NCD Partnership နှင့် UNOPS အဖွဲ့ အဆိုပြု
Published 6 May 2018

တော်ဝင်လူငယ်ဆရာဝန်အဖွဲ့က မြို့နယ်အချို့တွင် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးနေစဉ်

မကူးစက်တတ်သောရောဂါများနှင့် ပတ်သက်သည့် နည်းပညာအကူအညီများ ပေးလိုကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ Defect-NCD Partnership နှင့် UNOPS အဖွဲ့က အဆိုပြုထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

Defect-NCD အဖွဲ့အနေဖြင့် ဝင်ငွေနည်းပြီး ဖွံ့ဖြိုးမှုနည်းသော နိုင်ငံများတွင် မကူးစက်တတ်သော ရောဂါများနှင့်စပ်လျဉ်း၍ အသိပညာ၊ နည်းပညာများ၊ ဘဏ္ဍာရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး ကဏ္ဍများတွင် သက်ဆိုင်ရာနိုင်ငံများနှင့် မိတ်ဖက်အဖွဲ့အစည်းအနေဖြင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ မကူးစက်တတ်သောရောဂါများနှင့် ပတ်သက်၍ ရေရှည်တည်တံ့ခိုင်မြဲပြီး မြန်မာနိုင်ငံနှင့် သင့်လျော်သောလုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်နိုင်ရေး၊ စွမ်းအားစုများနှင့် ဘဏ္ဍာငွေရရှိနိုင်ရေး၊ လူထုကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်သော လုပ်ငန်းပုံစံမျိုးဖြစ်လာရေး၊ အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မည့် နည်းလမ်းများ ရှာဖွေဖော်ထုတ်နိုင်ရေးနှင့် အကောင်အထည်ဖော်နိုင်ရေးတို့အတွက် နည်းပညာများနှင့် အခြားအကူအညီများ ပေးလိုကြောင်းနှင့် Defect-NCD Partnership Program ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ ရေးထိုး၍ ဆောင်ရွက်လိုကြောင်း ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် မကူးစက်တတ်သောရောဂါများ အထူးသဖြင့် သွေးတိုး၊ ဆီးချိုရောဂါများကို ဦးစားပေးလုပ်ငန်းတစ်ရပ်အနေဖြင့် အလေးထား၍ အားဖြည့်ဆောင်ရွက်နေကြောင်း၊ တစ်နိုင်ငံလုံးရှိ ကျေးလက်ကျန်းမာရေးဌာနများတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း၌ Community Health Clinic များ ဖွင့်လှစ်၍ မကူးစက်တတ်သော ရောဂါများ၊ သက်ကြီးရွယ်အိုကျန်းမာရေး စောင့်ရှောက်ရေးနှင့် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ၏ မကူးစက်တတ်သောရောဂါများ၏ ဝန်ထုပ်ဝန်ပိုးပမာဏနှင့် ကာကွယ်ကုသရေး လုပ်ငန်းများအတွက် လိုအပ်ချက်များကို အမြန်ဆန်းစစ်သိရှိရန်အတွက် Rapid Need Assessment Tool များနှင့် နည်းပညာများ ပေးစေလိုကြောင်းနှင့် Defect-NCD Partnership အဖွဲ့က ဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုး၍ ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံရှိ အမျိုးသားနှင့် အမျိုးသမီးများ၌ မကူးစက်တတ်သောရောဂါများကြောင့် သေဆုံးမှုစာရင်းအရ နှလုံးသွေးကြောကျဉ်းရောဂါမှာ အများဆုံးဖြစ်နေပြီး ရာခိုင်နှုန်း ၄၀ ကျော်အထိ ရှိနေကြောင်း WHO Global Health Estimates တွင် ဖော်ပြထားချက်အရ သိရသည်။

မကူးစက်တတ်သောရောဂါများအနက် မြန်မာအမျိုးသားများတွင် သေဆုံးမှုနှုန်းအများဆုံး ရောဂါများမှာ နှလုံးသွေးကြောကျဉ်းရောဂါ ၃၉ ရာခိုင်နှုန်း၊ ကင်ဆာရောဂါ ၂၁ ရာခိုင်နှုန်း၊ အခြားနာတာရှည်ရောဂါများ ၂၄ ရာခိုင်နှုန်း၊ နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ၁၂ ရာခိုင်နှုန်း၊ ဆီးချိုသွေးချို လေးရာခိုင်နှုန်းခန့်ရှိပြီး အမျိုးသမီးများတွင် နှလုံးသွေးကြောကျဉ်းရောဂါမှာ ၄၅ ရာခိုင်နှုန်း၊ ကင်ဆာ၊ နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ၁၇ ရာခိုင်နှုန်းစီ၊ အခြားနာတာရှည်ရောဂါများ ၁၄ ရာခိုင်နှုန်း၊ ဆီးချိုသွေးချို ခုနစ်ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။

Most Read

Most Recent