လေးလအတွင်းဖြစ်ပွားခဲ့သည့် လူကုန်ကူးခံရမှု စာရင်းများအရ ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးဖြစ်ပွား

လေးလအတွင်းဖြစ်ပွားခဲ့သည့် လူကုန်ကူးခံရမှု စာရင်းများအရ ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးဖြစ်ပွား
Published 6 May 2018

ယခုနှစ် ဇန်နဝါရီမှ ဧပြီလကုန်အထိ လေးလအတွင်း တစ်နိုင်ငံလုံးတွင် ဖြစ်ပွားခဲ့သည့် လူကုန်ကူးခံရမှု စာရင်းများအရ ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် အများဆုံးဖြစ်ပွားခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

လူကုန်ကူးမှု ဖြစ်ပွားခဲ့သည့် တိုင်းနှင့် ပြည်နယ်များတွင် ရှမ်းပြည်နယ်မှာ ၂၃ မှုဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးမှာ ၁၈ မှုဖြင့် ဒုတိယအများဆုံး ဖြစ်ပွားခဲ့သည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီးတွင် ၁၂ မှု၊ ကချင်ပြည်နယ်တွင် ငါးမှု၊ ပဲခူးတိုင်းတွင် လေးမှု၊ ဧရာဝတီတိုင်းတွင် သုံးမှု၊ ရခိုင်ပြည်နယ်တွင် နှစ်မှု၊ မွန်ပြည်နယ်တွင် နှစ်မှု၊ နေပြည်တော်တွင် နှစ်မှု၊ ကရင်ပြည်နယ်တွင် တစ်မှု၊ တနင်္သာရီတိုင်းဒေသကြီးတွင် တစ်မှု၊ စစ်ကိုင်းတိုင်းတွင်တစ်မှု စုစုပေါင်း ၇၄ မှုဖြစ်သည်။

လူကုန်ကူးခံရသူများတွင် အမျိုးသမီး ၉၇ ဦး၊ မိန်းကလေးငယ် ငါးဦး၊ အမျိုးသား ၁၁ ဦး စုစုပေါင်း ၁၁၃ ဦး လူကုန်ကူးခံခဲ့ရကြောင်း မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်ချက်များအရ သိရသည်။

လူကုန်ကူးသည့် အမှုပေါင်းမှာ ၇၄ မှုမှ တရားခံပေါင်း ၁၉၉ ဦးရှိပြီး အမျိုးသမီးတရားခံ ၁၄၄ ဦး အမျိုးသားတရားခံ ၅၅ ဦးတို့ဖြစ်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုများအနက် တရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်မှုစေခိုင်းမှု ၅၇ မှု၊ တရုတ်နိုင်ငံတွင် အလုပ်သမားအဖြစ် အဓမ္မစေခိုင်းရန်တစ်မှု၊ ထိုင်းနိုင်ငံတွင် အလုပ်သမားအဖြစ် အဓမ္မစေခိုင်းရန် တစ်မှု၊ ပြည်တွင်းတွင်အလုပ်သမားအဖြစ် အဓမ္မစေခိုင်းရန် တစ်မှုနှင့် အိမ်ဖော်အဖြစ်စေခိုင်းရန် တစ်မှု၊ တရုတ်နိုင်ငံတွင် ပြည့်တန်ဆာအဖြစ်စေခိုင်းရန် တစ်မှု၊ ပြည်တွင်းတွင် ပြည့်တန်ဆာအဖြစ် စေခိုင်းရန် ၁၂ မှုတို့ဖြစ်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

Most Read

Most Recent