ကမ္ဘာ့ဒေါ်လာဈေးညွှန်းကိန်း ၉၂ ပွိုင့်အထက်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၃၅ ကျပ်ဝန်းကျင် ရှိနေ

ကမ္ဘာ့ဒေါ်လာဈေးညွှန်းကိန်း ၉၂ ပွိုင့်အထက်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၃၅ ကျပ်ဝန်းကျင် ရှိနေ
Published 6 May 2018

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းသည် မေ ၄ ရက်တွင် ၉၂ ပွိုင့်အထက်ဖြင့် တစ်ပတ်တာဈေးပိတ်ခဲ့ပြီး မေ ၅ ရက်တွင် ပြည်တွင်းဈေးကွက်၌ တစ်ဒေါ်လာ ၁၃၃၅ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

အမေရိကန်နိုင်ငံ ရွေးကောက်ပွဲပြုလုပ်ခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ဇန်နဝါရီ ၃ ရက်တွင် ၁၀၃ ဒသမ ၈၂ ပွိုင့်အထိ အမြင့်ဆုံးရောက်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ် ဧပြီလကစတင်ကာ ဒေါ်လာဈေးအညွှန်းကိန်းများ ပြန်ကျခြင်းဖြစ်သည်။ ပြီးခဲ့သည့်ငါးလအတွင်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့သော ညွှန်းကိန်းများမှာ ဒီဇင်ဘာလတွင် ၉၄ ဒသမ ၁၈ ပွိုင့်၊ ဇန်နဝါရီလတွင် ၉၂ ဒသမ ၃၆ ပွိုင့်၊ ဖေဖော်ဝါရီလတွင် ၉၀ ဒသမ ၄၃ ပွိုင့်၊ မတ်လတွင် ၉၀ ဒသမ ၃၇ ပွိုင့်၊ ဧပြီလတွင် ၉၁ ဒသမ ၇၁ ပွိုင့်ဖြစ်သည်။

၂၀၁၇ ခုနှစ် မတ်လလယ်မှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း သိသိသာသာကျ ဆင်းခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့်အမြင့်ဆုံးနှုန်းများမှာ ဒီဇင်ဘာတွင် ၁၃၅၄-၁၃၅၉ ကျပ်၊ ဇန်နဝါရီတွင် ၁၃၂၃-၁၃၅၄ ကျပ်၊ ဖေဖော်ဝါရီလတွင် ၁၃၂၃-၁၃၃၁ ကျပ်၊ မတ်လတွင် ၁၃၂၆-၁၃၃၄ ကျပ်၊ ဧပြီလတွင် ၁၃၂၄-၁၃၃၂ ကျပ်တို့ဖြစ်ပြီး ဇန်နဝါရီတွင် ဈေးနှုန်းကွာဟချက် အများဆုံးဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်မတ်လအတွင်း အမြင့်ဆုံးဈေးနှုန်းအဖြစ် မတ် ၂၁ ရက်တွင် ၁၃၃၄ ကျပ်ဖြစ်ပေါ်ခဲ့သော ဒေါ်လာဈေးသည် မတ် ၂၉ ရက်တွင် ၁၃၂၈ ကျပ်အထိ၊ ဧပြီလဆန်းတွင် ၁၃၂၄ ဝန်းကျင်အထိ ကျဆင်းခဲ့သည်။ ထို့နောက် ဧပြီလကုန်ပိုင်း ၂၈ ရက်တွင် ၁၃၃၁ ကျပ်၊ ဧပြီ ၃၀ ရက်တွင် ၁၃၃၂ ကျပ်အထိ မြင့်တက်ခဲ့ပြီး မေ ၅ ရက်တွင် ၁၃၃၅ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ မေ ၄ ရက်တွင် သတ်မှတ်ထားသော ဗဟိုဘဏ်ရည်ညွှန်း ငွေလဲနှုန်းမှာ ကျပ် ၁၃၄၃ ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent