အမေရိကန်သမ္မတက ဘင်္ဂါလီဒုက္ခသည်များ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံအား ဆက်လက်ဖိအားပေးသွားမည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ကို ပြောကြား

အမေရိကန်သမ္မတက ဘင်္ဂါလီဒုက္ခသည်များ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံအား ဆက်လက်ဖိအားပေးသွားမည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ကို ပြောကြား
Published 5 May 2018

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် (ဝဲ)နှင့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ (ယာ)

အမေရိကန်သမ္မတက ဘင်္ဂါလီဒုက္ခသည်များ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံအား ဆက်လက် ဖိအားပေးသွားမည် ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ထံသို့ ပေးပို့သော စာတစ်စောင်တွင် ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် Bdnews 24 မီဒီယာဌာန၏ဖော်ပြချက်အရ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ရှိတ်ဟာစီနာနှင့် အမေရိကန်သံအမတ်ကြီး မာစီယာဘာနီကတ်တို့ ဧပြီ ၃ ရက်က ဒါကာမြို့တွင် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး အမေရိကန်သမ္မတ  ဒေါ်နယ်ထရန့်ထံမှ စာအား ပေး အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစာတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြန်မာဘက်မှ ဘင်္ဂါလီ (မူရင်း ရိုဟင်ဂျာဟုသုံးနှုန်း) အရှုပ်တော်ပုံ စတင်ခဲ့သော ပုဂ္ဂိုလ်များအား ထိုက်သင့်သည့် အပြစ်ဒဏ်များ ပေးအပ်ရမည်ဖြစ်ပြီး ရှိတ်ဟာစီနာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် လူဦးရေများလှစွာသော ဘင်္ဂါလီဒုက္ခသည်များအား လက်ခံစောင့်ရှောက်ထားပြီး လူသားချင်းစာနာထောက်ထားမှု ထောက်ပံ့ရေး နှင့် အခြားအကူအညီများအား လုပ်ဆောင်ပေးခဲ့သောကြောင့် ကမ္ဘာ့နိုင်ငံများက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကောင်းမွန်သောစရိုက်နှင့် ၁၉၇၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဘင်္ဂလားဒေ့ရှ် လူမျိုးသုဉ်းသတ်ဖြတ်မှုအရေးအခင်းကဲ့သို့ အခက်အခဲများအား အန်တုနိုင်သည့် အရည်အချင်းများကို အသိအမှတ်ပြုသင့်သည်ဟု ဖော်ပြထားသည်။

ဆက်လက်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဘင်္ဂလားဒေ့ရှ်အား ကမ္ဘာ့အကြီးဆုံးလူသားချင်းစာနာ ထောက်ထားမှုရေးရာ အလှုရှင်အနေဖြင့် ဆက်လက်ပြီး အားပေးထောက်ပံ့သွားမည်ဖြစ်ပြီး လာမည့် အန္တရာယ်များသော မိုးရာသီကျော်လွန်သွားသည်အထိ ဒုက္ခသည်များအတွက် ကမ္ဘာတစ်ဝန်းက လေးစားရသော ခေါင်းဆောင်မှုအရည်အချင်းအား ဆက်လက်ပြသသွားမည်ဟု မျှော်လင့်ကြောင်း ရေးသားထားသည်ဟု သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာစီနာသည် အမေရိကန်သံအမတ်ကြီး မာစီယာဘာနီကတ်နှင့် တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံပေါ်သို့ ဘင်္ဂါလီများအား ပြန်လည်လက်ခံရေးအတွက် နိုင်ငံတကာမှ ဆက်လက်ပြီး ပြင်းထန်သော ဖိအားပေးရန်တောင်းဆိုခဲ့ကြောင်း၊ မာစီယာဘာနီကတ်ကလည်း USAID နှင့် အခြားကုလသမဂ္ဂအဖွဲ့စည်းများနှင့်အတူ ဘင်္ဂါလီဒုက္ခသည်များ၏ အခက်အခဲများ ဖြေရှင်းလုပ်ဆောင်နေကြောင်း USAID နှင့် အခြားအဖွဲ့အစည်းများမှ အကြီးအကဲများကိုယ်တိုင် လာရောက်ကွင်းဆင်းလေ့လာရန် အစီအစဉ်များလည်းရှိကြောင်း ပြောကြားခဲ့သည်ဟု Bdnews 24 ဖော်ပြချက်အရ သိရသည်။

ထို့ပြင် တွေ့ဆုံပွဲသို့ ဘင်္ဂလားဒေ့ရှ် စစ်တပ်မှ ဗိုလ်ချုပ် မီယာမိုဟာမက်ဇေနူးအဘီဒင်နှင့် အခြားကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent