အမြန်လမ်း ၁၁၅ မိုင်ရှိ PIONEER စားသောက်ဆိုင်၏ အလုပ်သမားများ နားနေဆောင် မီးလောင်ကျွမ်းမှု ဖြစ်ပွား

အမြန်လမ်း ၁၁၅ မိုင်ရှိ PIONEER စားသောက်ဆိုင်၏ အလုပ်သမားများ နားနေဆောင် မီးလောင်ကျွမ်းမှု ဖြစ်ပွား
Published 5 May 2018

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ အမြန်လမ်းမကြီး ၁၁၅ မိုင် ယာဉ်ရပ်နားစခန်း အတွင်းရှိ PIONEER စားသောက်ဆိုင်၏ နောက်ကျောဘက်၊ အလုပ်သမားများ နားနေဆောင်တွင် ဝါယာရှော့ဖြစ်ရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ဖြူးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မီးလောင်မှု အခြေအနေနှင့် ပတ်သက်ပြီး ဖြူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးုမြင့်လွင်သန်းက “မီးလောင်တာတော့မှန်တယ်။ စာကတော့ ကိုယ့်ဆီတက်မလာသေးဘူး။ စခန်းကို မေးမှရမယ်။ လောလောဆယ် ဝါယာရှော့ ဆိုတာပဲ သိသေးတယ်။ လူတွေဘာတွေတော့ ထိခိုက်တာ မရှိပါဘူး” ဟု ပြောကြားသည်။

ဖြစ်စဉ်မှာ မေ ၄ ရက် ည ၈ နာရီကျော်ခန့်က ဖြူးမြို့နယ် ရေသျှံကြီးကျေးရွာအုပ်စု၊ အမြန်လမ်းမကြီး ၁၁၅ မိုင် ယာဉ်ရပ်နားဝန်း အတွင်းရှိ ဦးဇော်လှမြင့် ၄၂ နှစ်(ဘ) ဦးလှမြင့်ပိုင် PIONEER စားသောက်ဆိုင်၏ နောက်ကျောဘက် ကိုက် ၁၀၀ ခန့်အကွာ အလုပ်သမားများ နားနေဆောင်တွင် လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ နားနေဆောင်အား မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားရာသို့ ဖြူးမြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ဖြူးမြို့နယ် မီးသတ်ဦးစီးမှူး ဦးသက်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ ဖြူးအမြန်လမ်း မီးသတ်စခန်းမှ ဒုဦးစီးမှူး ဦးသိန်းထွန်းနှင့် တပ်ဖွဲ့ဝင်များမှ သွားရောက်ကူညီ ငြိမ်းသတ်ခဲ့ကြပြီး မီးသတ်ရေယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၄ စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ည ၈ နာရီခွဲ အချိန်ခန့်တွင် မီးညွန့်ကျိုးကျကာ ည ၈ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် လူများထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖြူးမြို့မရဲစခန်းမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားစေရန် ပေါ့ဆခဲ့သည့် ဦးလင်းဦး ၅၂ နှစ်(ဘ) ဦးတင်ထွန်း၊ PIONEER စားသောက်ဆိုင် လျှပ်စစ်မီးတာဝန်ခံအား (ပ) ၂၅၅/၂၀၁၈၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

 

 

Most Read

Most Recent