<

မြေယာသိမ်းဆည်းခံ လက်ပံတောင်းတောင် ဒေသခံများက အစားထိုးမြေဧက ၁၉၀၀ ကို စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအတိုင်း ဖော်ထုတ်ပေးရေး အပါအ၀င် အချက်သုံးချက် ကြေးနီစီမံကိန်းအား တောင်းဆိုဆန္ဒထုတ်ဖော်

မြေယာသိမ်းဆည်းခံ လက်ပံတောင်းတောင်ဒေသခံများ မေ ၄ ရက်က ကြေးနီစီမံကိန်းအား တောင်းဆိုဆန္ဒထုတ်ဖော်စဉ်

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် မြေယာသိမ်းဆည်းခံ လက်ပံတောင်းတောင်ဒေသခံ ၁၀၀ နီးပါးသည် ကြေးနီစီမံကိန်းအား အချက်သုံးချက် တောင်းဆို၍ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

မေ ၄ ရက် မွန်းလွဲ ၁ နာရီကျော်က မုံရွာ -ပုသိမ် ကားလမ်းမအနီးရှိ ၀မ်ပေါင်ရုံးရှေ့တွင် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြပြီး လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များသည် ၀မ်ပေါင်ရုံးသို့ ဆန္ဒပြ လက်ပံတောင်းတောင် ဒေသခံများ ၀င်ရောက်မှု မရှိစေရေးအတွက် သွပ်ဆူးကြိုးများနှင့် ပိတ်ဆို့တားဆီး ခဲ့ကြကြောင်း သိရသည်။

“ဒီကနေ့ ကျွန်မတို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန္ဒပြရတဲ့ ရည်ရွယ်ချက်က အစီရင်ခံမှာပါတဲ့ အချက်တွေကို ဦးပိုင်နဲ့ ၀မ်ပေါင်ကုမ္ပဏီက လုံးဝလိုက်နာ ဆောင်ရွက်ခြင်းမရှိဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထုတ်ပြန်ထားတဲ့ အစီရင်ခံစာကို ချိုးဖောက်နေတယ်။ အစားထိုးမြေဧက ၁၉၀၀ ဆိုတာကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထုတ်ပြန်ထားတာက ၎င်းကျေးရွာတွေရဲ့ အနီးအနားမှာပဲ ဖော်ဆောင်ပေးရမယ်လို့ အစီရင်ခံစာမှာ ပါတယ်။ အခု ၀မ်ပေါင်နဲ့ ဦးပိုင်ကုမ္ပဏီက ဒေသခံတွေနဲ့ဝေးတဲ့ ကနီယာကြီးဘက် မိုင်ပေါင်းများစွာ ဝေးတဲ့နေရာကို ဖော်ထုတ်ပေးနေတဲ့အတွက် မကျေနပ်လို့ ဒီကနေ့ ဆန္ဒပြရတာ ဖြစ်ပါတယ်” ဟု ဆားလင်းကြီးမြို့နယ်  တုံတောကျောင်းကျေးရွာမှ ဒေါ်စန်းနွဲ့က ပြောကြားသည်။

မေ ၂ ရက်က ဒေါ်ရီဝင်းနှင့် ဒေါ်စန်းနွဲ့တို့ ဦးဆောင်သော အဖွဲ့သည် အခြားနေရာတွင် အစားထိုးမြေ ဧက ၁၉၀၀ ဖော်ထုတ်နေမှုနှင့် ပတ်သက်၍ မကျေနပ်သောကြောင့် ဆန္ဒပြမည်ဟု ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့ထံ စာတင်ကြောင်း၊ ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့ဘက်က ဆန္ဒထုတ်ဖော်သူများ အနေဖြင့် မုံရွာ-ပုသိမ် ကားလမ်းမနံဘေးတွင်သာ ခွင့်ပြုပေးမည်ဟု ဒေသခံများအား ပြောကြားခဲ့ကြောင်း ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူးဌေးဝင်းက ပြောကြားသည်။

မြေယာသိမ်းဆည်းခံ လက်ပံတောင်းတောင် ဒေသခံများသည် ၀မ်ပေါင်ရုံးရှေ့တွင် အစားထိုးမြေ ဧက ၁၉၀၀ အား စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအတိုင်း ဖော်ထုတ်ရေး၊ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာနှင့် မကိုက်ညီသည့် မြေယာဖော်ထုတ်ထားသောနေရာ အလိုမရှိ၊ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို မလိုက်နာသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ချက်ချင်းရပ်ဆိုသည့် အချက်သုံးချက် တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 

May 4, 2018














Copy Protected by Chetan's WP-Copyprotect.