အစိုးရနှင့် သဘောတူညီမှုအသစ် ရရှိပြီးနောက် ဆီးရီးယားသူပုန်များက လက်နက်ချ

အစိုးရနှင့် သဘောတူညီမှုအသစ် ရရှိပြီးနောက် ဆီးရီးယားသူပုန်များက လက်နက်ချ
Published 5 May 2018

မေ ၃ ရက်က ဒမတ်စကတ်တောင်ဘက်ရှိ ယယ်ဒါမြို့မှ ထွက်ခွာရန် ဆီးရီးယားသူပုန်များနှင့် အရပ်သားများက ပြင်ဆင်နေကြစဉ် (Photo: AFP)

အလယ်ပိုင်းပိုင်နက်တစ်ခွင်အတွက် အစိုးရနှင့် သဘောတူညီမှု အသစ်တစ်ခုရရှိခဲ့ပြီးနောက် ဆီးရီးယားသူပုန်များသည် မေ ၄ ရက်တွင် ၎င်းတို့၏ လက်နက်ကြီးများကို  အပ်နှံခဲ့သည်ဟု ဆီးရီးယားလူ့အခွင့်အရေး ဆိုင်ရာစောင့်ကြည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

သူပုန်မြို့များဖြစ်သည့် Talbisseh ၊ Rastan နှင့် Al-Houla တို့ အပါအဝင် ဆီးရီးယား၏ အလယ်ပိုင်းပြည်နယ်များဖြစ်သည့် ဟာမာ၊ ဟွမ်ပြည်နယ်တို့၏ အစိတ်အပိုင်းများတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအတွက် အတိုက်အခံတိုက်ခိုက်ရေးသမားများက ယခုသီတင်းပတ်တွင် ဆီးရီးယားအစိုးရတပ်ဖွဲ့နှင့် ၎င်းတို့၏ မဟာမိတ်များနှင့် သဘောတူညီမှု ရရှိခဲ့သည်။

“တိုက်ခိုက်ရေးသမားတွေက သူတို့ရဲ့  အကြီးစားနဲ့ အလယ်လတ်စားလက်နက်တွေကို ရုရှားနဲ့ ဆီးရီးယားတပ်ဖွဲ့ဆီကို နှစ်ရက်ဆက်တိုက် လွှဲပြောင်းပေးခဲ့တယ်”ဟု  ယင်းစောင့်ကြည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

လွှဲပြောင်းပေးသည့်လက်နက်များထဲတွင် အမြောက်၊ စက်သေနတ်များ ပါဝင်သည်ဟု  ဗြိတိန်အခြေစိုက်စောင့်ကြည့်အဖွဲ့၏ ဥက္ကဋ္ဌ ရာမီအဗ္ဗဒယ်ရာမန်က ပြောကြားခဲ့သည်။

လက်နက်လွှဲပြောင်းပေးမှုပြီးဆုံးသည်နှင့်တစ်ပြိုင်နက် သူပုန်များသည်အရပ်သားများနှင့်အတူ ဘေးကင်းရာသို့ ပြောင်းရွှေ့ထွက်ခွာလိုကြောင်း အဗ္ဗဒယ်ရာမန်က ပြောကြားခဲ့သည်။

အလက်ပိုပြည်နယ်ရှိ သူပုန်ထိန်းချုပ်ထားသော Jarabulus မြို့သို့ သူပုန်များနှင့် အရပ်သားများ ဘေးကင်းလုံခြုံစွာဖြတ်သန်းခွင့်ပြုမည်ဟု အစိုးရပိုင် SANA သတင်း အေဂျင်စီက ထုတ်ပြန်ခဲ့သည်။

ယင်းသဘောတူညီမှုသည် မြို့သုံးမြို့တွင် အစိုးရအဖွဲ့များပြန်လည်ထားရှိရေး နှင့် အဓိကအဝေးပြေးလမ်းမကြီးတစ်ခု ပြန်ဖွင့်ပေးရေးအတွက်လည်း အထောက်အပံ့ဖြစ်ခဲ့ကြောင်း SANA က ထုတ်ပြန်ခဲ့သည်။

အဝေးပြေးလမ်းမသည် မြို့တော်ဒမတ်စကတ်မှ ဟွမ်ကို ဖြတ်ပြီး  ဒုတိယအကြီးဆုံးမြို့ဖြစ်သော အလက်ပိုမြို့ထိ ပေါက်သည်။ ယင်းအဝေးပြေးလမ်းမရရှိမှုသည် ဆီးရီးယားအစိုးရ၏ စစ်ဆင်ရေးအတွက် အဓိက ရည်မှန်းချက်တစ်ခုဖြစ်သည်။

ဟွမ်ပြည်နယ်ဒေသသည် လွန်ခဲ့သည့် နှစ်တွင် အတိုက်အခံ ထောက်ခံသူ တူရကီ နှင့် ဆီးရီးယားစစ်တပ်၏ မဟာမိတ်များဖြစ်သည့် အီရန်နှင့် ရုရှားတို့က တိုက်ပွဲလျှော့ချရေးဇုန် တစ်ခုအဖြစ် သဘောတူညီမှု ရရှိထားသည့် ဒေသတစ်ခုဖြစ်သည်။ ဇုန်လေးခုတွင် ကနဦး၌ ဗုံးကြဲမှု လျှော့ချခဲ့သည်ဟု ယူဆရသော်လည်း ယင်းနောက် အကြမ်းဖက်မှု မြင့်တက်လာခဲ့သည်။ ယင်းဇုန်ထဲမှတစ်ခု ဖြစ်သည့် အရှေ့ဂိုတာကို ဆီးရီးယား အစိုးရတပ်ဖွဲ့ဝင်များက နှစ်လကြာထိုးစစ်ဆင်ခဲ့ပြီးနောက် ပြီးခဲ့သည့်လတွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

Most Read

Most Recent