အဂတိလိုက်စားမှုဖြင့် FDA ညွှန်ချုပ်ကို တရားစွဲဆိုထားသည့်အမှုမှ တရားလိုအား မန္တလေးတိုင်းတရားလွှတ်တော်တွင် စတင်စစ်ဆေး

အဂတိလိုက်စားမှုဖြင့် FDA ညွှန်ချုပ်ကို တရားစွဲဆိုထားသည့်အမှုမှ တရားလိုအား မန္တလေးတိုင်းတရားလွှတ်တော်တွင် စတင်စစ်ဆေး
Published 5 May 2018

အဂတိလိုက်စားမှုဖြင့် FDA ညွှန်ချုပ်အား တရားစွဲဆိုထားသည့် အမှု မေ ၅ ရက်က မန္တလေးတိုင်း တရားလွှတ်တော်တွင် ရုံးထုတ်စဉ်

အဂတိလိုက်စားမှုဖြင့် FDA ညွှန်ချုပ်အား တရားစွဲဆိုထားသည့်အမှုမှ  တရားလိုကို မေ ၅ ရက်က မန္တလေးတိုင်းတရားလွှတ်တော်တွင် စတင်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်သည် ကျပ်သိန်း ၁၅၀၀ ကျော် အဂတိလိုက်စားသည်ဟု ပေါ်ပေါက်သဖြင့် ဧပြီ ၂၀ ရက်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၁) မြို့မရဲစခန်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုသို့ အမှုဖွင့်ဖမ်းဆီးပြီးနောက် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်သို့ တရားစွဲတင်ပို့ခဲ့ပြီး မေ ၄ ရက်တွင် တရားလိုဖြစ်သူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ စုံစမ်းရေးမှူး ဦးသန်းဇော်ဝင်းကို စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။

အမှုစတင်စစ်ဆေးမှုနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှ တိုင်းတရားရေး ဦးစီးမှူးနှင့် သတင်းပြန်ကြားရေးအရာရှိ  ဒေါ်ခင်ခင်ချိုက “ယနေ့ရုံးချိန်းမှာ တရားလို ဦးသန်းဇော်ဝင်းကို စစ်ဆေးခဲ့ပါတယ်။ သူ့ကိုစစ်ဆေးတာမှာ ပြီးခဲ့ခြင်း မရှိလို့ မေ ၁၁ ရက်ကို ပြန်လည်ရုံးချိန်းချိန်းဆိုခဲ့ပါတယ်။ တရားလိုပြသက်သေ ၃၆ ဦး တင်ပြထားပါတယ်။ နောက်ရုံးချိန်းမှာလည်း တရားလို ဦးသန်းဇော်ဝင်းကိုပဲ ဆက်လက်စစ်ဆေးမှာ ဖြစ်ပါတယ်” ဟု ဖြေကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ စီမံကိန်းများနှင့်ပတ်သက်၍ အဆောက်အအုံများ အရည်အသွေး ပြည့်မီမှု မရှိခြင်း၊ ဌာနအကြီးအကဲအချို့၏ ပြည်သူ့ဘဏ္ဍာများအပေါ် ကိုယ်ကျိုးသုံးစွဲခြင်းများကို ဖော်ထုတ်စစ်ဆေးပေးရန် တိုင်ကြားလာမှုအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးက ထုတ်ပြန်ခဲ့သည်။

ထိုသို့တိုင်ကြားမှုအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်သည် ၎င်း၏ လုပ်ပိုင်ခွင့်အခွင့်အာဏာကို အလွဲသုံးစားပြီး ၂၀၁၇ ခုနှစ်အတွင်း ၎င်းပိုင်ဆိုင်သည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် နေအိမ်အတွင်း အသုံးအဆောင်ပစ္စည်းများကိုလည်းကောင်း၊ ၎င်းပိုင်ဆိုင်သည့် အခြားမြေကွက်ပေါ်တွင် ခြံစည်းရိုးကာရံခြင်း၊ တစ်ထပ်တိုက် နေအိမ်တစ်လုံး၊ ကားဂိုဒေါင်ပါ နှစ်ထပ်နေ အိမ်တစ်လုံး၊ ဂိတ်တဲတစ်လုံး၊ ရေကူးကန်တစ်ခု နှင့် ရေပန်းတစ်ခု စုစုပေါင်းတန်ဖိုးငွေ ကျပ် ၁၅၁,၄၃၉.၇၈၆ အား အဆောက်အအုံ ဆောက်လုပ်ရန် တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တောင်းခံရယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ဒေါက်တာသန်းထွဋ်အား ၂၀၁၃ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent