ရခိုင်ပြည်နယ်တွင် အကြမ်းဖက်လုပ်ရပ်များသည် ကမ္ဘာ့အကြမ်းဖက်အဖွဲ့များ၏ ကွန်ရက်များနှင့် ချိတ်ဆက်လုပ်ဆောင်နေသည့် အနေအထားတွေ့ရှိနေရပြီး နိုင်ငံတော်အတွက် အန္တရာယ်ဆိုးများ အချိန်မရွေး ကျရောက်လာနိုင်၍ အစိုးရအနေဖြင့် အချိန်မဆိုင်းဘဲ ရဲဝံ့ပြတ်သားစွာ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်လုပ်ရပ်များသည် ကမ္ဘာ့အကြမ်းဖက်အဖွဲ့များ၏ ကွန်ရက်များနှင့် ချိတ်ဆက်လုပ်ဆောင်နေသည့် အနေအထားတွေ့ရှိနေရပြီး နိုင်ငံတော်အတွက် အန္တရာယ်ဆိုးများ အချိန်မရွေး ကျရောက်လာနိုင်၍ အစိုးရအနေဖြင့် အချိန်မဆိုင်းဘဲ ရဲဝံ့ပြတ်သားစွာ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
Published 19 August 2017

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်လုပ်ရပ်များသည် ကမ္ဘာ့အကြမ်းဖက်အဖွဲ့များ၏ ကွန်ရက်များနှင့် ချိတ်ဆက်လုပ်ဆောင်နေသည့် အနေအထား တွေ့ရှိနေရပြီး နိုင်ငံတော်အတွက် အန္တရာယ်ဆိုးများ အချိန်မရွေး ကျရောက်လာနိုင်သည့်အတွက် အစိုးရအနေဖြင့် အချိန်မဆိုင်းဘဲ ရဲဝံ့ပြတ်သားစွာ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေကြောင်း ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၂) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ဆွေးနွေးသည်။

သြဂုတ် ၁၈ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၃) မှ ဦးခင်မောင်လတ်က အမျိုးသားလွှတ်တော်သို့ တင်သွင်းထားသော မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် လှုပ်ရှားနေသော အကြမ်းဖက်အဖွဲ့ဝင်များကို ဖော်ထုတ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ အရေးယူပေးရန်နှင့် ယင်းတို့၏ခြိမ်းခြောက်မှုကြောင့် လောလောဆယ် နေရပ်စွန့်ခွာ ထွက်ပြေးလာသော တိုင်းရင်းသားများ၏ကျေးရွာများ ဆက်လက် ရပ်တည်နိုင်ရေးအတွက် အရေးတယူ ဆောင်ရွက်ပေးရန် အဆိုအား ဆွေးနွေးစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးတက်ထွန်းအောင်က “ရခိုင်ပြည်နယ်ရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်တွေရဲ့ အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ရေးမှာ တရားဥပဒေစိုးမိုးရေး၊ အချုပ်အခြာ တည်တံ့ခိုင်မြဲရေးဖြစ်ပြီး အချိန်နဲ့တစ်ပြေးညီ မြန်မြန်ဆန်ဆန် လုပ်ဆောင်ရမယ့် အခြေအနေ ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားကျေးရွာတွေက လူနည်းစုဒေသခံပြည်သူတွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုကို မပေးနိုင်ပါက ရွာလုံးကျွတ် ပြောင်းရွှေ့ နေထိုင်မှုတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီလို အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ ကမ္ဘာ့အကြမ်းဖက်အဖွဲ့တွေရဲ့ ကွန်ရက်တွေနဲ့ ချိတ်ဆက်လုပ်ဆောင်နေတဲ့ အနေအထားကို တွေ့ရှိနေရပါတယ်။ နိုင်ငံတော်အတွက် အန္တရာယ်ဆိုးတွေ အချိန်မရွေး ကျရောက်လာနိုင်တဲ့အတွက် အစိုးရအနေနဲ့ အချိန်မဆိုင်းဘဲ ရဲဝံ့ပြတ်သားစွာ ကိုင်တွယ် ဖြေရှင်းရန် လိုအပ်နေပါတယ်” ဟု ဆွေးနွေးသည်။

လက်ရှိအချိန်တွင် ၎င်းတို့သည် ဘင်္ဂါလီဟုလည်းမပြော၊ မူဂျာဟစ်ဟုလည်း မဆိုဘဲ ရိုဟင်ဂျာဟု အမည်သစ်ထွင်ကာ ဓနအင်အားကြွယ်ဝသည့် မွတ်စလင်နိုင်ငံအချို့မှ ငွေကြေးလက်နက်ပစ္စည်းများ ထောက်ပံ့ပေးကာ နောက်ကွယ်မှနေပြီး သွေးထိုးမြှောက်ပင့်နေကြကြောင်း၊ မီဒီယာလောကတွင်လည်း ဓနအင်အားကြွယ်ဝသည့်နိုင်ငံများမှ ချုပ်ကိုင်ထားပြီး ဖြစ်နေကြောင်း၊ ထို့အတွက် မြန်မာနိုင်ငံ၏ ဂုဏ်သတင်းများသည် မကောင်းဘဲ မွတ်စလင် အစ္စလာမ်မီဒီယာများ၏ သြဇာအရှိန်ကြောင့်ဖြစ်ကြောင်း ၎င်းက ဆွေးနွေးသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၇) မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးကျော်သိန်းက အကြမ်းဖက်အဖွဲ့များ လှုပ်ရှားနိုင်ရန် အကူအညီ အထောက်အပံ့နှင့် ငွေကြေးထောက်ပံ့ပေးနေမှုများသည်လည်း အထောက်အကူဖြစ်နေကြောင်း၊ မြန်မာနိုင်ငံမှ ပြည်ပရောက်နေသည့် ဘင်္ဂါလီများသည် ၎င်းတို့နိုင်ငံမှတစ်ဆင့် လှုံ့ဆော်စည်းရုံးခြင်း၊ ဝါဒဖြန့်ခြင်း၊ OIC နိုင်ငံများမှ UN အဖွဲ့ကို ခုတုံးလုပ်ကာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း၊ ရခိုင်ပြည်နယ်အတွင်း UN အဖွဲ့များ၊ NGO, INGO အဖွဲ့များမှလည်း အကူအညီ အထောက်အပံ့ပေးနေသလိုလိုနှင့် ဘင်္ဂါလီများကို သွေးထိုး မြှောက်ပင့်ပေးနေခြင်းကြောင့် အကြမ်းဖက် အဖွဲ့အစည်းများ ပိုမိုလှုပ်ရှားလာသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ လူ့အခွင့်အရေးကို ဗန်းပြပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ကာ နိုင်ငံတော်နှင့်နိုင်ငံတော် အစိုးရအား လက်နက်ကိုင် တိုက်ခိုက်ပုန်ကန်နေခြင်းဖြစ်သည့်အတွက် တာဝန်ရှိအစိုးရ အဆင့်ဆင့် အနေဖြင့် အမြစ်ပြတ်ချေမှုန်းသွားရန် အထူးလိုအပ်ကြောင်း၊ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် နယ်မြေလုံခြုံရေးအင်အား တိုးချဲ့ဆောင်ရွက်ပေးရန်၊ တိုင်းရင်းသားကျေးရွာများတွင် ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းပေးပြီး လက်နက်တပ်ဆင်ပေးရန်၊ UN, NGO, INGO အဖွဲ့များအား ရုပ်သိမ်းပေးရန်၊ ဘင်္ဂါလီများအား ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ စိစစ်ပေးရန်အတွက် ဆွေးနွေးသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၉ မှ ဦးမောင်ကျော်ဇံက ၂၀၁၂ ခုနှစ် ဇွန်လတွင် မောင်တောမြို့နယ် ဘင်္ဂါလီအကြမ်းဖက်မှုတွင် ကုလသမဂ္ဂနှင့် လက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများ ပါဝင်ခဲ့ကြောင်း၊ အကြမ်းဖက်ခေါင်းဆောင်ဖြစ်သူ တစ်ဦးအား UNHCR ရုံးတွင် ခိုလှုံရာမှ ဖမ်းဆီးရမိခဲ့ကြောင်း၊ ထောင် ၁၇ နှစ် ချမှတ်ခဲ့သော်လည်း ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း၊ ယင်းကဲ့သို့ လွှတ်ပေးခဲ့သည့်အတွက် ဘင်္ဂါလီအကြမ်းဖက်သမား မျိုးဆက်သစ်များအတွက် အင်အားဖြစ်စေခဲ့ကြောင်း၊ နိုင်ငံတော်အနေဖြင့် နောက်နောင်တွင် ယင်းကဲ့သို့ စေတနာ၊ မေတ္တာမပွားမိရန် လိုအပ်ကြောင်း၊ မောင်တောဒေသ ဘင်္ဂါလီအကြမ်းဖက် တိုက်ခိုက်မှုများသည် မြန်မာနိုင်ငံ၏ အမျိုးသား အကျိုးစီးပွားနှင့် အမျိုးသားလုံခြုံရေး၊ အချုပ်အခြာ အာဏာကို ထိခိုက်လာပြီဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၈၂ နိုင်ငံသားဥပဒေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ဥပဒေများနှင့် ထိထိရောက်ရောက် တွန်းလှန်ချေမှုန်းသွားရမည်ဖြစ်ကြောင်း ဆွေးနွေးသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁) မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးကျော်သောင်းက နိုင်ငံတော်အစိုးရအနေဖြင့် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သတိထား၍ ဆောင်ရွက်နေကြောင်း၊ အကြမ်းဖက်လုပ်ရပ်များ တိုးမြှင့်ဆောင်ရွက်လာခြင်းကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် နှိမ်နင်းသွားမည်ဖြစ်ကြောင်း၊ အပြစ်မဲ့အရပ်သားပြည်သူများကို အကာအကွယ်ပေးနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစွန်းရောက်အကြမ်းဖက်များ၊ အစွန်းရောက်အကြမ်းဖက်မှု အားပေးကူညီသူများအားလုံးကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန် ကြေညာခဲ့ကြောင်း၊ ပြည်ထောင်စုအစိုးရက မောင်တောနယ်မြေအတွင်း စားနပ်ရိက္ခာများ ပံ့ပိုးပေးနေခြင်း၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးများ ရရှိရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လုံခြုံရေး အင်အားဖြည့်တင်းရန် တပ်မတော်အင်အား တပ်ရင်းတပ်ဖွဲ့များ ထပ်မံဖြည့်တင်းကာ မေယုတောင်ကြော စိုးမိုးရေး ဆောင်ရွက်နေကြောင်း သိရှိရပြီး နောက်ရခိုင်ပြည်နယ်နှင့် ရခိုင်တိုင်းရင်းသားတို့အတွက် ရတက်မအေး ဖြစ်ခဲ့ရသည့်စိတ်သည် အလိုလို အေးချမ်းသွားရကြောင်း ဆွေးနွေးသည်။

Most Read

Most Recent