<

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကြောင့် ကြွက်များပိုများလာကြောင်း ရန်ကုန်မြို့တော်ဝန် ပြောကြား

ရန်ကုန်မြို့တွင်းရှိ နောက်ဖေးလမ်းကြား တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ- မျိုးထက်ပိုင်)

ရန်ကုန်မြို့အတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကြောင့် ကြွက်များပိုမို များလာကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မေ ၄ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး (၂၃ ရက်မြောက်နေ့) တွင် ပြောကြားသည်။

မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်  အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်း၏ “ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ကြွက်နှိမ်နင်းရေး လုပ်ငန်းများကို စီမံချက်များ ချမှတ်၍ နှိမ်နင်းဆောင်ရွက်သွားရန် အစီအစဉ် ရှိ၊ မရှိ အင်းလျားကန်ပေါင် (မြန်မာပလာဇာရှေ့) တွင် ကြွက်များ ရာချီ၍ ဖြစ်နေခြင်းများအား မည်သို့တားဆီး ဆောင်ရွက်မည်နှင့် ကြွက်တွင်းများက ဖြစ်စေသော ကန်ပေါင်ဝန်းကျင်တွင် အစားအသောက်များ စည်းကမ်းမဲ့ ရောင်းချခြင်းများအား တားမြစ်သွားရန် အစီအစဉ်ရှိ/မရှိ” အား လွှတ်တော်၌မေးမြန်းရာ မြို့တော်ဝန်က ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“လူကို အကျိုးပြုမှုမရှိဘဲ ဖျက်ဆီးဆုံးရှုံးမှုများနေတဲ့ ကြွက်တွေက လွတ်လွတ်လပ်လပ် မျိုးဆက်ပြန့်ပွားနိုင်တဲ့ နေအိမ်ပတ်ဝန်းကျင် ဈေးဆိုင်များက စားကြွင်းစားကျန်တွေ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု၊ တိရစ္ဆာန်တွေကို အစာကျွေးတာကြောင့် အသက်ရှင် ရပ်တည်နိုင်တဲ့ အစားအစာတွေ အလွယ်တကူ ရှာဖွေစားသောက်တဲ့ အခွင့်အရေး ရရှိခြင်းဟာ ကြွက်အကောင်အရေအတွက် ပိုမိုတိုးတက်လာတဲ့ အဓိက အကြောင်းရင်းဖြစ်တယ်” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

ထို့ပြင် အပန်းဖြေ ကန်ပေါင်များတွင် မိမိစားသောက်ထားသည့် စားကြွင်းစားကျန်များကို သယ်သွားသင့်ကြောင်း၊ စားသောက်ထားသည့် စားကြွင်းစားကျန်များကို ထားမပစ်ခဲ့သင့်ကြောင်း၊ လုံခြုံရေးများ ထားရှိသော်လည်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကြောင့် ကြွက်များ၏ သောင်းကျန်းမှုကို ခံရကြောင်း မြို့တော်ဝန်က ပြောကြားသည်။

“အဓိကတော့ ကြွက်နဲ့ အမှိုက်နဲ့ ဆက်စပ်နေတာပါ။ အမှိုက်နဲ့ ဆက်စပ်ပြန်တော့ လူတွေရဲ့ စည်းကမ်း၊ အမှိုက်ရယ် ကြွက်ရယ်က ဆက်စပ်နေတာပါ။ လူတွေက စည်းကမ်းမရှိဘူး။ အမှိုက်စွန့်ပစ်မှုကလည်း စည်းကမ်းမရှိဘူး။ အဲဒီအပေါ် မူတည်ပြီးတော့ ကြွက်ကလည်းပွားတယ်။ စည်းကမ်းတကျ စွန့်ပစ်အောင် ထားပါတယ်။ စည်းကမ်းမဲ့ ရောင်းခြင်းထက် စည်းကမ်းမဲ့ စားသောက်ခြင်းဟာ ပိုပြီးတော့ အရေးကြီးတာကို သွားတွေ့ပါတယ်။ ရောင်းတာကတော့ ရောင်းမှာပဲ။ မရောင်းရင်လည်း လူတွေက အထုပ်ပိုက်ပြီးတော့ ကန်ပေါင်ပေါ်မှာ နှစ်ကိုယ်တူ ကြည်ဖြူပြီးတော့ ပြီးလို့ရှိရင် ရှိတဲ့အစာ စွန့်ပစ်ခဲ့တာပဲ။ အထူးသဖြင့် မြန်မာပလာဇာဘက်မှာ ပိုများပါတယ်” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး အနေဖြင့် ကြွက်များအား ရှင်းလင်းရာတွင် လူနေအိမ်၊ ဈေးဆိုင်၊ နောက်ဖေးလမ်းကြား၊ ဈေး၊ ရုံး၊ ကျောင်း၊ ဆေးရုံ၊ ကန်ပေါင်များ စသည့်နေရာများတွင် လစဉ်စီမံချက်ချ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“စည်းကမ်းပိုင်းအရစားပါ။ သို့သော်လည်း မစားရဘူး။ မလုပ်ရဘူး။ လုပ်ရင်ဒဏ်တပ်မယ် ဆိုတာထက် စားပါ။ လုပ်ပါ။ ဒဏ်တပ် မခံရအောင်လည်း စောစာက ပြောသလိုပေါ့။ ခွေးမွေးမယ် ဆိုရင်တောင် ကိုယ့်ခွေးရဲ့ မစင်ကအစ တာဝန်ယူနိုင်တဲ့ အဆင့်မျိုးရှိမှ တိုင်းပြည်က တိုးတက်မှာ။ မလုပ်လို့ မတိုးတက်တာပါ” ဟု မြို့တော်ဝန်က ဆိုသည်။

၂၀၁၅-၂၀၁၆ ခုနှစ်တွင် ဈေးများ၌ ကြွက်ရှင်းလင်းမှုကို ၁၇ ကြိမ်ပြုလုပ်ခဲ့ပြီး အကောင် ၇၆၃ ကောင် ရှင်းလင်းခဲ့ကြောင်း၊ ကန်ပေါင်များတွင် ရှင်းလင်းမှု ၃၆ ကြိမ်ပြုလုပ်ခဲ့ပြီး အကောင်ရေ ၇၂၂ ကောင် ရှင်းလင်းမှုနှင့် အများပြည်သူ နေရာများတွင် ရှင်းလင်း မှု ၅၄၅ ကြိမ်ပြုလုပ်ခဲ့ပြီး အကောင်ရေ ၃၀၆၄၉၄ ကောင် ရှင်းလင်းခဲ့ကာ စုစုပေါင်း ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ကြွက်အကောင်ရေ ၃၀၇၉၀၀ ကျော် ရှင်းလင်းခဲ့ကြောင်း သိရသည်။၂၀၁၆-၂၀၁၇ခုနှစ်တွင် ကြွက်ရှင်းလင်းမှု ၅၁၂ ကြိမ် ပြုလုပ်ခဲ့ပြီး ကြွက်အကောင်ရေ ၃၇၀၀၀၀ ကျော် ရှင်းလင်းခဲ့ကြောင်း သိရသည်။

May 4, 2018














Copy Protected by Chetan's WP-Copyprotect.