လက်ရှိတွင် သီလဝါ အထူးစီးပွားရေးဇုန် Zone A နှင့် B ၌ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၃၇၄ ဘီလျံကျော် ဝင်ရောက်ထားပြီး ဂျပန်နှင့် စင်ကာပူနိုင်ငံက အများဆုံး မြှုပ်နှံ

လက်ရှိတွင် သီလဝါ အထူးစီးပွားရေးဇုန် Zone A နှင့် B ၌ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၃၇၄ ဘီလျံကျော် ဝင်ရောက်ထားပြီး ဂျပန်နှင့် စင်ကာပူနိုင်ငံက အများဆုံး မြှုပ်နှံ
Published 5 May 2018

သီလဝါအထူးစီးပွားရေးဇုန် Zone A ရှိ စက်ရုံတစ်ခုကို တွေ့ရစဉ်

လက်ရှိအချိန်တွင် သီလဝါအထူးစီးပွားရေးဇုန် Zone A နှင့် အကောင်အထည်ဖော်နေဆဲ Zone B ၌ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၃၇၄ ဘီလျံကျော်အထိ ဝင်ရောက်ထားပြီး ဂျပန်နှင့်စင်ကာပူနိုင်ငံတို့က  အများဆုံးဝင်ရောက်မြှုပ်နှံထားကြောင်း သီလဝါ အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

“သီလဝါအထူးစီးပွားရေးဇုန်မှာ လက်ရှိအချိန်အထိ လုပ်ငန်းပေါင်း ၉၃ ခုကို ပါမစ်ပေးပြီးပြီ။ ၉၃ ခုကို စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏက ဒေါ်လာ ၁ ဒသမ ၃၇၄ ဘီလျံအထိ ဝင်ရောက်ထားပါတယ်။ အဲဒီလုပ်ငန်း ၉၃ ခုက Zone A ရော Zone B ရောပေါ့။ Zone B မှာတော့ အခုလောလောဆယ် လုပ်ငန်းပေါင်းခုနစ်ခုကို ပါမစ်ပေးပြီးပါပြီ” ဟု သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ-၂ ဒေါ်ချိုချိုဝင်းက ပြောကြားသည်။

“နိုင်ငံပေါင်း ဘယ်လောက်ဝင်လဲ စာရင်းကောက်တဲ့အခါ ဥပမာ-ကုမ္ပဏီတစ်ခုက ဂျပန်ကုမ္ပဏီ၊ ဒါပေမဲ့ သူသည် စင်ကာပူမှာ ဖွဲ့စည်းပြီးလာရင် ဒါကို စင်ကာပူလို့ ကောက်တယ်။ နောက်တစ်နည်းက သူ့ရဲ့ မိခင်နိုင်ငံနဲ့ ကောက်တာပေါ့နော်။  ဟိုမှာကုမ္ပဏီဖွဲ့စည်းပြီး ဝင်တာမျိုးကို Investing Country လို့ ပြောတယ်၊ အဲဒါဆိုရင် စုစုပေါင်း ၁၇ နိုင်ငံ၊ မိခင်နိုင်ငံနဲ့ဆိုပြီး တွက်မယ်ဆိုရင် ၁၈ နိုင်ငံပေါ့၊ အများဆုံး ကလောလောဆယ်မှာ မိခင်နိုင်ငံနဲ့စဉ်းစားရင် ဂျပန်က ၄၈ ကုမ္ပဏီပေါ့နော်၊ ဂျပန်၊ စင်ကာပူ၊ ထိုင်း၊ ကိုရီးယားနိုင်ငံတို့က အများဆုံးဝင်ရောက်မြှုပ်နှံထားပါတယ်” ဟု ဒုတိယဥက္ကဋ္ဌ-၂ ဒေါ်ချိုချိုဝင်းက ပြောကြားသည်။

အထူးစီးပွားရေးဇုန်ဥပဒေအရ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်း သီလဝါအထူးစီးပွားရေးဇုန်သို့ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၀၁ သန်းကျော်အထိ ဝင်ရောက်ထားပြီး ဂျပန်နှင့်စင်ကာပူ နှစ်နိုင်ငံဝင်ရောက်မှုသည် ယင်းပမာဏစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းကျော်အထိရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICa) မှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း သီလဝါ အထူးစီးပွားရေးဇုန်သို့ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လုပ်ကိုင်နေသည့် နိုင်ငံများအနက် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ၃၆ ဒသမ ၈၄ ရာခိုင်နှုန်းအထိ ရှိသည်။

ထို့ပြင် စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ၂၄ ဒသမ ၇၁ ရာခိုင်နှုန်းအထိရှိပြီး ယင်းနှစ်နိုင်ငံ၏ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုသည် စုစုပေါင်းပမာဏ၏ ၆၁ ဒသမ ၅၅ ရာခိုင်နှုန်းအထိ အများဆုံး ဝင်ရောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ရရှိသော စာရင်းများအရ ၂၀၁၇ -၂၀၁၈ဘဏ္ဍာနှစ်အတွင်း သီလဝါအထူး စီးပွားရေးဇုန်အတွင် စက်မှုလုပ်ငန်းကဏ္ဍသို့ လုပ်ငန်းပေါင်း ၁၁ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၂၈ သန်းကျော် ဝင်ရောက်ထားပြီး ရာခိုင်နှုန်းအားဖြင့် ၈၂ ရာခိုင်နှုန်းခန့်အထိ အများဆုံးဝင်ရောက်ထားခြင်း ဖြစ်သည်။

ကုန်စည်ရောင်းဝယ်ရေးလုပ်ငန်းကဏ္ဍသို့ လုပ်ငန်းတစ်ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅၇ သန်းကျော် ဝင်ရောက်ထားပြီး ရာခိုင်နှုန်းအားဖြင့် ၁၄ ရာခိုင်နှုန်းကျော်အထိ ဝင်ရောက်ထားကြောင်း၊ ထို့အပြင် အိမ်ရာလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများ ထပ်မံ တိုးမြှင့်ဆောင်ရွက်ခြင်းများလည်း ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent