စစ်တွေ ကမ်းနားမြို့သစ် စီမံကိန်းလုပ်ငန်း ဆောင်တာများ ပြီးစီးမှု မရှိသေးသဖြင့် မြေကွက်ရောင်းချမှု ရပ်ဆိုင်းထားရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားထားဟု ဆို

စစ်တွေ ကမ်းနားမြို့သစ် စီမံကိန်းလုပ်ငန်း ဆောင်တာများ ပြီးစီးမှု မရှိသေးသဖြင့် မြေကွက်ရောင်းချမှု ရပ်ဆိုင်းထားရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားထားဟု ဆို
Published 5 May 2018

ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကိုရီးယားနိုင်ငံအခြေစိုက် BXT International တို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် စတင်ရောင်းချခဲ့သည့် မြေကွက်ရောင်းချမှုများအား ရခိုင်ပြည်နယ် အစိုးရအဖွဲ့တားမြစ်ချက်အရ ရပ်ဆိုင်းထားရကြောင်း သိရသည်။

ရခိုင်ပြည်နယ်အစိုးရနှင့် BXT International တို့က မြေဧက ၉၀ ကျော်ပေါ်တွင် အကောင်အထည်ဖော်မည့် စစ်တွေကမ်းနား မြို့သစ်စီမံကိန်းအတွက် မြေတစ်စတုရန်းပေလျှင် ကျပ်သောင်းဂဏန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၈ ရက် တွင် စီမံကိန်းမြေကွက်များ တာဝန်ခံရောင်းချပေးမည့် iMynamar House.com မှ ရန်ကုန်မြို့၌ မိတ်ဆက်မှုပြုခဲ့ကာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီး ဦးကျော်လွင်က အဖွင့်အမှာစကားပြောကြားသည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၆ ရက် ၇ ရက်များတွင် ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ တစ်ပေပတ်လည် ကျပ် ၂၅၀၀၀ ဖြင့် ရောင်းချရာ ကျပ် ၂၆ ဘီလျံကျော်ဖိုး ရောင်းချနိုင်ခဲ့သည်ဟု iMynamar House.com မှ သတင်းထုတ်ပြန်ခဲ့သည်။

“လုပ်ငန်းဆောင်တာတွေ မပြီးသေးတဲ့အတွက် မြေကွက်ရောင်းချမှုတွေ ရပ်ဆိုင်းထားဖို့ အစိုးရအဖွဲ့က အမိန့်စာထားပါတယ်။ ဒါကြောင့်မို့ ရောင်းချမှုတွေကို ခဏရပ်ဆိုင်းထားပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ဇန်နဝါရီတုန်းက မြေကွက်စရောင်းချိန်မှာ ဘီလျံ ၂၀ ဖိုးလောက် ရောင်းချထားပြီးပါပြီ။ ဒါပေမဲ့ ငွေအပြည့်အ၀ ယူထားပြီးတာတော့ မဟုတ်ဘဲ စိတ်ဝင်စားကြေး ၁၀ သိန်းဆီပဲ ယူထားတာဖြစ်ပါတယ်” ဟု စီမံကိန်းမြေကွက်များ တာဝန်ခံရောင်းချပေးမည့် iMynamar House.com မှ MD ဦးနေမင်းသူက မေ ၄ ရက်တွင် ပြောကြားသည်။

အဆိုပါမြို့သစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရာတွင် ရခိုင်ပြည်နယ် အစိုးရမှ ရာခိုင်နှုန်း ၃၀ နှင့် ကျန်ရာခိုင်နှုန်း ၇၀ ကို တောင်ကိုရီးယားနိုင်ငံအခြေစိုက် BXT International ကုမ္ပဏီမှ ပိုင်ဆိုင်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်အစိုးရအနေဖြင့် နည်းဥပဒေပိုင်းဆိုင်ရာ၊ ဥပဒေပိုင်းဆိုင်ရာနှင့်မြေယာ ကိစ္စများအတွက် လုပ်ဆောင်ပြီး BXT International မှ ကျန်ရင်းနှီးမြှုပ်နှံသည့် ငွေကြေးများ၊ မြေဖို့သည့်နည်းပညာ စသည်ဖြင့် တာဝန်ယူထားကြောင်းနှင့် ဝယ်ယူမည့်မြေအတွက် ရခိုင်ပြည်နယ်အစိုးရက ဂရန်ထုတ်ပေး မည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

Most Read

Most Recent