<

တွံတေးတူးမြောင်း ကမ်းပြိုကာကွယ်ရေး လုပ်ငန်းခွင်တွင် မြေပြိုရာ အလုပ်သမားတစ်ဦး သေဆုံး

တွံတေးတူးမြောင်း ကမ်းပြိုကာကွယ်ရေး လုပ်ငန်းခွင်တွင် မြေပြိုမှုဖြစ်ပွားသဖြင့် အလုပ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း မေ ၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

မေ ၃ ရက် မွန်းတည့် ၁၂ နာရီ ၀န်းကျင်ခန့်တွင် တွံတေးမြို့နယ် အိုးဖိုအနောက်ရပ်ကွက် ကမ်းနားပိုင်းရှိ တွံတေးတူးမြောင်း ကမ်းပြိုကာကွယ်ရေး လုပ်ငန်းခွင်ဆောင်ရွက်စဉ် မြေပြိုပိကျပြီး အမျိုးသားနှစ်ဦး ပိနေကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အခြားတာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သွားရောက်စစ်ဆေးရာ အဆိုပါနေရာ၌ ပိုင်ရိုက်၊ သဲဖို့ခြင်း လုပ်ကိုင်နေသူ ပဲခူးတိုင်းဒေသကြီးနေ ကို….(၃၀ နှစ်) နှင့် တွံတေးမြို့နယ်နေ ကို….(၂၄ နှစ်)တို့မှာ မြေများပြိုပိကျခဲ့ကြောင်း သိရသည်။

ယင်းသို့ တွံတေးတူးမြောင်း ကမ်းပြိုကာကွယ်ရေးအတွက် လုပ်ကိုင်နေစဉ် မြေပြိုကျသဖြင့် ပိမိခဲ့သူနှစ်ဦးအနက် ကို….(၃၀ နှစ်) မှာ ခန္ဓာကိုယ်၌ ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ကို….(၂၄ နှစ်) မှာလည်း ၀မ်းဗိုက်ရောင်ရမ်း ဒဏ်ရာရရှိသဖြင့် တွံတေးဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းကုသထားရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာရဲစခန်းမှ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

May 4, 2018














Copy Protected by Chetan's WP-Copyprotect.