၂၀၁၉ ခုနှစ်မှစ၍ တက္ကသိုလ်ဝင်တန်း စာမေးပွဲအား အလွတ်ကျက်ဖြေစနစ်မှ တွေးခေါ်မြော်မြင်မှု သဘောတရားနှင့် ဖြေဆိုသည့်စနစ်ကို စတင်ပြောင်းလဲမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

၂၀၁၉ ခုနှစ်မှစ၍ တက္ကသိုလ်ဝင်တန်း စာမေးပွဲအား အလွတ်ကျက်ဖြေစနစ်မှ တွေးခေါ်မြော်မြင်မှု သဘောတရားနှင့် ဖြေဆိုသည့်စနစ်ကို စတင်ပြောင်းလဲမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 4 May 2018

၂၀၁၉ ခုနှစ်မှစ၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား အလွတ်ကျက်ဖြေစနစ်မှ တွေးခေါ်မြော်မြင်မှု သဘောတရားနှင့် ဖြေဆိုသည့်စနစ်ကို စတင်ပြောင်းလဲမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုက ပြောကြားသည်။

“အခု ၂၀၁၉ ကစပြီးတော့မှ တက္ကသိုလ်ဝင်တန်း ၁၀ တန်းစာမေးပွဲတွေကလည်းပဲ အရင်တုန်းကလို အလွတ်ကျက်ဖြေတဲ့နေရာကနေပြီးမှ တွေးခေါ်မြော်မြင်မှု သဘောတရားနဲ့ ဖြေတဲ့စနစ်တွေကို စပြောင်းပါမယ်။ တွေးခေါ်မြော်မြင်မှုနဲ့ဖြေတဲ့အခါမှာ ကျောင်းစာအုပ်ထဲက သင်ရိုးညွှန်းတမ်းပါ ကျောင်းစာအုပ်ထဲက စာနဲ့မလုံလောက်တော့ပါဘူး။ ဆက်စပ်နေတဲ့ ဘာသာရပ်ဆိုင်ရာအကြောင်း အရာတွေအရ စာကြည့်တိုက်ကို လာရပါတော့မယ်။ စာကြည့်တိုက်မှာ ကိုယ့်ဟာကိုယ် ရှာဖွေလေ့လာရပါမယ်။ လုပ်ပြီးတော့မှ အတွေးအခေါ်၊ အမြော်အမြင်နဲ့ ကိုယ်ပိုင်သုံးသပ်ချက်နဲ့ ဖြေတာကိုကျယ်ကျယ်ပြန့်ပြန့် ဖြေနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အလွတ်ကျက်ပညာရေးစနစ်ကနေ ရုန်းထွက်ပြီးတော့မှ ကျောင်းသားအခြေပြုတဲ့၊ သုတေသီတွေအခြေပြုတဲ့ ပညာရေးစနစ်ကို တက်လှမ်းတဲ့အခါမှာ ဟန်ချက်ညီအထောက်အကူပြုနိုင်ဖို့အတွက်ကို ယနေ့စာကြည့်တိုက် ညီလာခံကျင်းပနိုင်ခြင်းဟာ သမိုင်းဝင်တဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

နေပြည်တော် MICC-2 တွင် မေ ၃ ရက်က ကျင်းပသည့် (၁၇) ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများ၏ စာကြည့်တိုက်မှူးများ ညီလာခံအပြီးတွင် သတင်းမီဒီယာများ၏မေးမြန်းမှုကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုက အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် စာကြည့်တိုက်ယဉ်ကျေးမှု မှေးမှိန်နေသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီး ကျောင်းသူကျောင်းသားများ၊ ဆရာဆရာမများနှင့် သုတေသီများအနေဖြင့် စာကြည့်တိုက် သွားရောက်ခြင်း၊ အသုံးပြုခြင်းသည် လွန်စွာနည်းပါးသည့်အတွက် စာကြည့်တိုက်များ၏ အခန်းကဏ္ဍကို လူငယ်မျိုးဆက်သစ်များ ပိုမိုစိတ်ဝင်စားပြီး မြှင့်တင်ပေးနိုင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် နိုင်ငံတကာပညာရှင်များဖြင့် တိုင်ပင်ကာ အရှေ့တောင်အာရှနိုင်ငံများ၏ စာကြည့်တိုက်မှူးများ ညီလာခံကျင်းပခြင်း ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

“ပညာရေးစနစ်သစ်နဲ့လည်း အံဝင်ခွင်ကျ ဖြစ်ဖို့အတွက်ကို ဒီညီလာခံကို နိုင်ငံတော်ကနေပြီးတော့မှ ဘဏ္ဍာငွေ အကုန်အကျခံပြီးတော့မှ ကျင်းပပေးခြင်းဖြစ်ပါ တယ်။ ညီလာခံ ကျင်းပပေးခြင်းအားဖြင့် ပထမအဆင့် အမျိုးသားစာကြည့်တိုက် (ရန်ကုန်)၊ အမျိုးသားစာကြည့်တိုက် (နေပြည်တော်)၊ နောက်ဒုတိယအဆင့် တက္ကသိုလ်စာကြည့်တိုက်ကြီးတွေ ပြီးရင်ပြန်ကြားရေးဝန်ကြီးဌာနမှာရှိတဲ့ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးစာကြည့်တိုက်တွေကို အဆင့်မြှင့်တင်ပေးဖို့ နောက်အချင်းချင်း ချိတ်ဆက်ဖို့အတွက်ကို ဆက်လက်ပြီးတော့မှ စီမံသွားမှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဆက်လက်ပြောကြားသည်။

ဒီပလိုမာ သင်တန်းတက်မည့်သူများ၊ ဘွဲ့လွန်မဟာဒီဂရီ၊ ဒေါက်တာဘွဲ့များအတွက် ကျမ်းပြုမည့်သူများအတွက် Research လုပ်နိုင်ရန်အတွက် မကြာမီနှစ်ပိုင်းအတွင်း အာဆီယံနိုင်ငံများ၊ အာရှပစိဖိတ်နိုင်ငံများရှိ စာကြည့်တိုက်များနှင့်် ချိတ်ဆက်နိုင်ရန် ဆောင် ရွက်မည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးက“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးကလည်း အလွန်စိတ်ဝင်စားပါတယ်။ နှစ်အလိုက်ထည့်သွင်းမယ့် ဘဏ္ဍာငွေကိုလည်း ခွင့်ပြုချပေးမယ်လို့ ပြောထားပြီးသားဖြစ်ပါတယ်။စာကြည့်တိုက်တွေ ကို Online Library ၊ Digital Library ဖြစ်အောင် တည်ဆောက်ပါမယ်။ ဆောက်တဲ့အခါမှာ တက္ကသိုလ်စာကြည့်တိုက်ကြီးတွေ အမျိုးသားစာကြည့်တိုက်တွေက တစ်ကမ္ဘာလုံးပေါ့။ ဥရောပတို့ အမေရိကတို့စသဖြင့်ပေါ့။ တစ်ကမ္ဘာလုံးမှာရှိတဲ့ အမျိုးသားစာကြည့်တိုက်တွေ၊ တက္ကသိုလ်စာကြည့်တိုက်တွေနဲ့ Online ချိတ်ဆက်မိအောင် လုပ်ပါမယ်။ အဲဒီလိုလုပ်ဖို့အတွက်ကို အခုကျင်းပတဲ့ ညီလာခံက ကြီးမားတဲ့ အထောက်အကူ ပြုမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

(၁၇) ကြိမ်မြောက် အရှေ့တောင်အာရှ နိုင်ငံများ၏ စာကြည့်တိုက်မှူးများညီလာခံကို မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်ပြီး အဆိုပါညီလာခံသို့  အရှေ့တောင်အာရှ ၁၀ နိုင်ငံ အပါအဝင်  ဂျပန်၊ ကိုရီးယား၊ တရုတ်၊ သြစတြေးလျ၊ ဖိလစ်ပိုင်စသည့် နိုင်ငံပေါင်း ၂၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent