မြေပုံမြို့နယ် တောင်ပေါ် IDP စခန်းမှ အိမ်ထောင်စုအချို့ နေအိမ်သစ်များသို့ ပြောင်းရွှေ့နေထိုင်

မြေပုံမြို့နယ် တောင်ပေါ် IDP စခန်းမှ အိမ်ထောင်စုအချို့ နေအိမ်သစ်များသို့ ပြောင်းရွှေ့နေထိုင်
Published 4 May 2018

ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းအချို့ကို ပိတ်သိမ်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ မြေပုံမြို့နယ် တောင်ပေါ် IDP စခန်းမှ မိသားစုအချို့ မေ ၁ ရက်မှ၍ အိမ်သစ်များသို့ ပြောင်းရွှေ့နေထိုင်ကြပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကယ်ဆယ်ရေးစခန်းတွင် မိသားစု ၆၄၂ စု (လူဦးရေ ၃၀၆၇ ဦး) ရှိပြီး နေအိမ်အသစ်များကို နယ်စပ်ရေးရာဝန်ကြီးဌာနက စီမံချက်ဖြင့် ဆောက်လုပ်ပေးခြင်းဖြစ်ပြီး လက်ရှိတွင် နေအိမ်အလုံး ၅၀ ဆောက်လုပ်ထားပြီး ဖြစ်သကဲ့သို့ ရေထွက်မြောင်း၊ အိမ်သာ၊ လမ်းများနှင့် သောက်သုံးရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ကျန်ရှိနေသည့် မိသားစုများအတွက် နေအိမ်များ ဆက်လက်ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရေး ကော်မတီမှ ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်က “ဒုက္ခသည်စခန်းတွေကို ပိတ်သိမ်းနိုင်ဖို့ တောက်လျှောက် ကျွန်တော်တို့ကြိုးစားခဲ့ကြတယ်။ အခုလိုမျိုးပေါ့။ အိမ်အလုံး ၅၀ ကို ဆောက်ပြီးရွှေ့မယ်။ နောက်တစ်ခါ အိမ်အလုံး ၅၀ ကို ထပ်ဆောက်မယ်။ အဲဒီလိုမျိုးပေါ့။ အခုဆိုရင် ပထမတစ်ဆင့် အိမ်အလုံး ၅၀ ကို ဆောက်လုပ်ပြီးဖြစ်တယ်။ မိသားစုတွေ စပြီးပြောင်းရွှေ့ နေထိုင်နေကြပြီဖြစ်တယ်။ နောက်ပိုင်းမှာတော့ သူတို့အတွက် စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးအပိုင်းတွေလည်း ပါလာမယ်။ ကျွန်တော်တို့ စီစဉ်နေပါတယ်။ အလုပ်အကိုင်တွေအတွက်လည်း ထည့်သွင်းစဉ်းစားသွားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာအောင်သူရိန်က မီဒီယာများသို့ ပြောကြားသည်။

၂၀၁၂ ဇွန်လအတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများနောက်ပိုင်း တည်ဆောက်ထားခဲ့သည့် IDP စခန်းများ ဖျက်သိမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မြေပုံမြို့ တောင်ပေါ်ကယ်ဆယ်ရေးစခန်း၊ ကျောက်တော်မြို့နယ်မှ ကယ်ဆယ်ရေးစခန်း၊ ကျောက်ဖြူနှင့် ရမ်းဗြဲကယ်ဆယ်ရေးစခန်းတို့ဖြစ်ပြီး ပေါက်တောမြို့နယ်မှ ကြယ်နီပြင် ကယ်ဆယ်ရေးစခန်းတို့လည်း ပါဝင်မည်ဖြစ်ရာ ယင်းစခန်းများတွင် နေထိုင်သူများအတွက် နေအိမ်များ ဆောက်လုပ်နေပြီဖြစ်ကြောင်း အချက်အလက်များအရ သိရသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရေး ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများ ပိတ်သိမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စစ်တွေမြို့ရှိ သက္ကယ်ပြင်စခန်း၊ မြေပုံမြို့ရှိ တောင်ပေါ်စခန်း၊ ကျောက်တော်မြို့ရှိ နိဒင်စခန်းများအား ပိတ်သိမ်းနိုင်ရေး ဆောင်ရွက်နေကြောင်းနှင့် စစ်တွေမြို့နယ်ရှိ ခေါင်းဒုက္ကာ (၁) နှင့် (၂) စခန်းများရှိ စခန်းတာဝန်ခံများစခန်းတွင်း နေထိုင်သူများနှင့် တွေ့ဆုံပြီး စခန်းပိတ်သိမ်းနိုင်မည့် အခြေအနေများကို ဆွေးနွေးနေပြီဖြစ်ကြောင်း သိရသည်။

အိမ်ထောင်စု ၈၅ စု၊ လူဦးရေ ၅၈၁ ဦးရှိသည့် ကျောက်တော်မြို့နယ် နိဒင်ကျေးရွာ IDP စခန်းပိတ်သိမ်းပြီး ကျေးရွာနှင့် တစ်ဆက်စပ်တည်း ပြန်လည်နေရာချထားရေး အစီအစဉ်များအား စခန်းစီမံခန့်ခွဲမှုကော်မတီဝင်များ IDP စခန်းအသီးသီးရှိ တာဝန်ခံများနှင့် ဆွေးနွေးလျက်ရှိကြောင်း သိရပြီး အဆင်ပြေသော နေရာများတွင် နေအိမ်များ ဆောက်လုပ်နေပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်နှင့် တာဝန်ရှိသူများနှင့်အတူ ဧပြီ ၅ ရက်က ကျောက်တော်မြို့နယ် နိဒင်ကျေးရွာ IDP စခန်းသို့ရောက်ရှိပြီး စခန်းစီမံခန့်ခွဲမှုကော်မတီဝင်များ၊ နိဒင်ကျေးရွာတာဝန်ခံများ၊ စခန်းနေထိုင်သူများနှင့် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent