ထားဝယ်မြို့ပေါ်တွင် ရဲတင်း၊ တုတ်၊ ဓားများအသုံးပြု၍ အုပ်စုဖွဲ့ရိုက်နှက်ခဲ့သဖြင့် ခြောက်ဦး ဒဏ်ရာရသည့်အမှုမှ ကျူးလွန်သူလူငယ် ၁၃ ဦးအား ထားဝယ်မြို့နယ် တရားရုံးတွင် တရားစွဲတင်ထား

ထားဝယ်မြို့ပေါ်တွင် ရဲတင်း၊ တုတ်၊ ဓားများအသုံးပြု၍ အုပ်စုဖွဲ့ရိုက်နှက်ခဲ့သဖြင့် ခြောက်ဦး ဒဏ်ရာရသည့်အမှုမှ ကျူးလွန်သူလူငယ် ၁၃ ဦးအား ထားဝယ်မြို့နယ် တရားရုံးတွင် တရားစွဲတင်ထား
Published 4 May 2018

လူခြောက်ဦး ဒဏ်ရာရသည့်အမှုမှ ကျူးလွန်သူလူငယ် ၁၃ ဦးအား တွေ့ရစဉ်

တနသာၤရီတိုင်းဒေသကြီး ထားဝယ်မြို့ပေါ်တွင် ပြီးခဲ့သည့် မတ် ၃၁ ရက်ညက လူငယ်တစ်စုမှ ပွဲခင်းအတွင်း ရန်ဖြစ်ကာ လူအချို့နှင့် လမ်းပေါ်၌ သွားလာနေသူများကိုပါ ရဲတင်း၊ တုတ်၊ ဓားများအသုံးပြု၍ ရိုက်နှက်ခဲ့သဖြင့် လူခြောက်ဦး ဒဏ်ရာရသည့်အမှုမှ ကျူးလွန်သူလူငယ် ၁၃ ဦးကို ဧပြီ ၃၀ ရက်က ထားဝယ်မြို့နယ် တရားရုံးတွင် တရားစွဲတင်ထားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားသည့်ညက ထားဝယ်မြို့ ပုံကျွန်းရပ်ကွက်ရှိ ကြခတ်ပင်အရှေ့ ဘုန်းတော်ကြီးကျောင်းအတွင်း အလှူပွဲပြုလုပ်နေစဉ် လူငယ်တစ်စုမှ တုတ်၊ ဓား၊ ရဲတင်း (ပုဆိန်) များဖြင့် ရိုက်နှက်မှုဖြစ်ပွား၍ လူလေးဦး၊ DDPC Shopping Center အနီးတွင် ဆိုင်ကယ်စီးလူငယ်တစ်စုမှ ရိုက်နှက်၍ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးနှင့် ပိန္နဲတောရပ်ကွက်တွင် ဆိုင်ကယ်စီး လူငယ်တစ်စုမှ ရိုက်နှက်၍ အခြားတစ်ဦးအပါအဝင် စုစုပေါင်းခြောက်ဦးမှာ လူငယ်တစ်စုမှ တုတ်၊ ဓား၊ ရဲတင်း (ပုဆိန်) များဖြင့် ရိုက်နှက်ခဲ့သောကြောင့် ဦးခေါင်းနှင့် ခန္ဓာကိုယ်တို့၌ ပြတ်ရှဒဏ်ရာများရရှိကာ ထားဝယ်ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း၊ ယင်းကဲ့သို့ ဖြစ်ပွားမှုမှ လူငယ် ၁၃ ဦး ဖမ်းဆီးရမိခဲ့ပြီး ထားဝယ်မြို့မရဲစခန်း၌ အမှုဖွင့်ခဲ့သောကြောင့် ၎င်းအမှုများဖြင့် ထားဝယ်မြို့နယ် တရားရုံးထံ ဧပြီ ၃၀ ရက်က တရားစွဲတင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“DDPC ရှေ့မှာ မီးသတ်နဲ့ဖြစ်တဲ့ အမှုကတော့ တရားခံလေးယောက်၊ တရားခံပြေးက သုံးယောက်။ အဲဒါက ဘာနဲ့စွဲသလဲဆိုတော့ ပုဒ်မ ၃၂၄/၄၄၀/၃၄။ အဲဒါနဲ့ကတစ်မှု၊ နောက်သုံးယောက် ပြေးနေတာကလည်း အဲဒီပုဒ်မအတိုင်းပဲ ကျင့် ၅၁၂ နဲ့ပေါ့။ ကြခတ် ပင်အင်းကျောင်းထဲမှာ ဖြစ်တဲ့အမှုကျတော့ ဖမ်းမိတဲ့တရားခံ ၁၂ ယောက်ကိုတော့ ပုဒ်မ ၃၂၆/၃၄ နဲ့ပါ။ DDPC အမှုထဲက ဖမ်းမိတဲ့လေးယောက်ထဲမှာ ကြခတ်ပင်အင်းကျောင်းထဲမှာဖြစ်ခဲ့တဲ့ အမှုက သုံးယောက်ပါတယ်။ အဲဒီသုံးယောက်ကတော့ အမှုတွဲနှစ်ခုနဲ့ ရင်ဆိုင်ရတာပေါ့။ ၁၃ ဦးစလုံးကို ဧပြီ ၃၀ ရက်က ထားဝယ်မြို့နယ် တရားရုံးကို တရားစွဲတင်လိုက်ပြီ။ မေ ၁၄ ရက်ကို ရုံးချိန်းပေးထားတယ်။ ၁၃ ယောက်ထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ် လေးယောက်ကိုတော့ အစက ကျွန်တော့်ရဲ့ အုပ်ထိန်းမှုအောက်မှာ ထားပေမယ့် အခုတရားရုံးမှာ စွဲတင်လိုက်ပြီးတဲ့အခါကျတော့ ကျပ် ၁၀ သိန်းတန် အာမခံသူနှစ်ဦးနဲ့ မိဘအုပ်ထိန်းသူတွေဆီ ခံဝန်ထိုးပြီး ပြန်လည်အပ်နှံထားတယ်။ ကျန်တဲ့သူတွေက ထောင်အချုပ်မှာပဲ။ ထောင်အချုပ်မှာ ကိုးယောက်ရှိတာပေါ့” ဟု ထားဝယ်မြို့မ ရဲစခန်းမှူး ဒုရဲမှူးအောင်နိုင်မိုးက ပြောကြားသည်။

ကြခတ်ပ င်ဘုန်းကြီးကျောင်းအတွင်း အုပ်စုဖွဲ့ရိုက်နှက်မှုမှ တရားခံဖြစ်သူ ရှိုင်းမြင့်မော် (ခ) ရှိုင်း (၂၂ နှစ်) ပါ ၁၂ ဦးကို အမြင့်ဆုံးထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်သည့် ရာဇသတ်ကြီးပုဒ်မ ၃၂၄/၄၄၀/၃၄ ဖြင့်လည်းကောင်း၊ မီးသတ်တပ်ဖွဲ့ဝင်အား အုပ်စုဖွဲ့ရိုက်နှက်မှုမှ တရားခံဖြစ်သူ ထုံချိုင်းပါလေးဦးကို အမြင့်ဆုံးထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည့် ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၄ ဖြင့် တရားစွဲဆိုထားကြောင်း၊ ဖမ်းဆီးရမိထားသည့် လူငယ် ၁၃ ဦးအနက် အသက်မပြည့်သေးသည့် လူငယ်လေးဦးမှာ ကလေးသူငယ်တရားရုံးတွင် တရားရင်ဆိုင်ရမည်ဖြစ်ပြီး ရှိင်းမြင့်မော် (ခ) ရှိင်း၊ ရန်နိုင်အောင် (ခ) သားကြီးနှင့် နေလင်းဦး (ခ) သားငယ်တို့သုံးဦးမှာ အမှုနှစ်ခုစလုံးအတွက် တရားရုံးတွင် ရင်ဆိုင်ရမည်ဟု သိရသည်။ ဖြစ်စဉ်မှာ အခင်းဖြစ်ပွားသည့် နေ့ည ၉ နာရီခွဲခန့်တွင် ထားဝယ်မြို့ ကျွန်းရပ်ကွက်ရှိ ကြခတ်ပင် အရှေ့ဘုန်းတော်ကြီးကျောင်းအတွင်း အလှူပွဲပြုလုပ်နေစဉ် လူငယ်တစ်စုမှ တုတ်၊ ဓားများအသုံးပြုကာ ဇာတ်ပွဲကြည့်နေသူ လူငယ်တစ်စုကို ရိုက်နှက်ထိုးခုတ်ခဲ့သဖြင့် ဆန်းချီရပ်ကွက်နေသူများဖြစ်သည့် မင်းမင်းဆွေ (၂၄) နှစ်၊ သန်းမြင့်ဝင်း (၁၅ နှစ်)၊ မြင့်ဇော်ဦး (၂၀ နှစ်) နှင့် အောင်ကြီး (၃၇ နှစ်) တို့တွင် ဦးခေါင်း၊ ပခုံး၊ နောက်ကျောနှင့် လက်များ၌ ပြတ်ရှဒဏ်ရာများ (မစိုးရိမ်ရ) ရရှိကာ ထားဝယ်ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း၊ ထို့နောက် ည ၁၀ နာရီခွဲတွင် ထားဝယ်မြို့ ကမ်းနားလမ်းရှိ DDPC Shopping Center အနီး၌ ကမ်းနားဈေးဘက်သို့ ဆိုင်ကယ်ဖြင့် မောင်းနှင်လာသော မီးသတ်တပ်ကြပ် သွင်ထူးအောင် (၂၄ နှစ်)ပါ သုံးဦးအား ဆိုင်ကယ်လေးစီးပါ လူငယ်တစ်စုက တုတ်၊ ဓားများဖြင့် ထိုးခုတ်သဖြင့် သွင်ထူးအောင် (၂၄ နှစ်)တွင် ဦးခေါင်းနှင့် လက်မောင်းတို့၌ ပြတ်ရှဒဏ်ရာများ ရရှိခဲ့ကာ ဆေးရုံသို့တင်ပို့ခဲ့ရသည့်အပြင် ယင်းအချိန်၌ပင် ပိန္နဲတောရပ်ကွက် တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ရေးဝင်း အလုပ်သမားတန်းလျားတွင် နေထိုင်သူ မင်းကိုကိုဦး (၁၅ နှစ်) အား လူငယ်တစ်စုမှ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး တုတ်၊ ဓားများဖြင့် ထိုးခုတ်မှုကြောင့် ဦးခေါင်းပေါက်ပြဲ ဒဏ်ရာရရှိခဲ့သဖြင့် တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ လူနာတင်ယာဉ်၊ ဇမ္ဗူသီရိ အရေးပေါ်လူနာတင်ယာဉ်အဖွဲ့မှ လူနာတင်ယာဉ်များဖြင့် ထားဝယ်ပြည်သူ့ဆေးရုံထံသို့ တင်ပို့ခဲ့ရကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် တုတ်၊ ဓား၊ ရဲဒင်း (ပုဆိန်) များဖြင့် ရိုက်နက်ခဲ့သည့် လူငယ်တစ်စုအား အရေးယူပေးရန် မင်းမင်းဆွေမှ တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် ထားဝယ်မြို့မရဲစခန်း၌ (ပ)၆၆၅/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၂၄/၁၁၄ ဖြင့် အမှုဖွင့်လှစ်ကာ ကျူးလွန်သူလူငယ်များကို စုံစမ်းဖမ်းဆီးခဲ့သည်ဟု သိရသည်။

အဆိုပါဖြစ်စဉ်မှာ ဒေသခံများအကြား စိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီး လူငယ်များအုပ်စုဖွဲ့၍ မင်းမဲ့စရိုက်ဆန်ဆန် လမ်းသွားလမ်းလာများနှင့် လူအချို့ကို ရိုက်နှက်ခဲ့သည်မှာ ဒေသခံများ၏ လုံခြုံရေးကို ခြိမ်းခြောက်ခြင်းဖြစ်ကာ စိုးရိမ်ဖွယ် အနေအထားဖြစ်ကြောင်း ဝေဖန်မှုများရှိခဲ့သည်ဟု သိရသည်။

Most Read

Most Recent