လာဘ်ပေးလာဘ်ယူ ကိစ္စရပ်မျိုးကို တရားရုံးဝန်ထမ်းများ၊ တရားသူကြီးများ ပါဝင်ပတ်သက်ဆောင်ရွက်ခြင်း မပြုကြရန် ကယားပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ပြောကြား

လာဘ်ပေးလာဘ်ယူ ကိစ္စရပ်မျိုးကို တရားရုံးဝန်ထမ်းများ၊ တရားသူကြီးများ ပါဝင်ပတ်သက်ဆောင်ရွက်ခြင်း မပြုကြရန် ကယားပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ပြောကြား
Published 4 May 2018

လာဘ်ပေးလာဘ်ယူ ကိစ္စရပ်မျိုးကို တရားရုံးဝန်ထမ်းများ၊ တရားသူကြီးများ ပါဝင်ပတ်သက်ဆောင်ရွက်ခြင်း မပြုကြရန် ကယားပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်က ပြောကြားသည်။

ကယားပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်တွင်းရှိ ရှေ့နေများတွေ့ဆုံပွဲကို မေ ၃ ရက်တွင် လွိုင်ကော်ခရိုင် တရားရုံးစည်းဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျော်မင်းမောင်က လာဘ်ပေးလာဘ်ယူကိစ္စများတွင် တရားရုံးဝန်ထမ်းများ၊ တရားသူကြီးများအနေဖြင့် ပါဝင်ပတ်သက်ခြင်းမပြုရန် အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

“ဥပဒေနဲ့အညီတောင်းဆိုမယ်။ ဥပဒေနဲ့အညီ ခံစားမယ်ဆိုတဲ့အတိုင်း လုပ်ပေးကြပါ။ အများပြည်သူ လက်ခံထားသောကိစ္စဖြစ်တဲ့ ကျွန်တော်တို့ လာဘ်ပေးလာဘ်ယူကိစ္စရပ်မျိုး တရားရုံးက ရုံးဝန်ထမ်းများနှင့်သော်လည်းကောင်း၊ တရားသူကြီးများနှင့် သော်လည်းကောင်း ပါဝင်ပတ်သက်ပြီး ဆောင်ရွက်ခြင်းမပြုကြပါနဲ့လို့၊ ကျွန်တော့်အနေနဲ့ ပြုတယ်လို့ဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ စိုးရိမ်သောကနဲ့သော်လည်းကောင်း၊ တာဝန်ရှိသူတစ်ယောက်အနေနဲ့ သော်လည်းကောင်း မပြုကြပါနဲ့လို့ပြောကြားရင်း မေတ္တာရပ်ခံပါတယ်” ဟု ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

တွေ့ဆုံပွဲတွင် ရှေ့နေများမှ အခွန်တံဆိပ်ခေါင်းများ အခက်အခဲ၊ လူသတ်မှုကဲ့သို့သော အမှုများအား ဝါရင့်ရှေ့နေများအား တာဝန်ပေးရန်၊ သက်သေထွက်ချက်များ၊ အမှုများ ကြန့်ကြာနေသောကိစ္စရပ်များ၊ တရားရုံးတွင်း လိုအပ်သော အဆောက်အအုံအနေအထားများ စသည်တို့ကို အသီးသီးတင်ပြကြကြောင်း သိရသည်။

တရားရုံးများတွင် လူအင်အား အဆောက်အအုံအင်အား အားနည်းခြင်းများကို တာဝန်ရှိသူများထံ တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ လူသတ်မှုကဲ့သို့သော အမှုများတွင် အစိုးရရှေ့နေအခက်အခဲအား တရားဥပဒေစိုးမိုးရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့မှ ကူညီအဖြေရှာပေးရန်၊ သက်သေထွက်ချက်များကို တရားသူကြီးများက မှတ်တမ်းရေးရမည့် တာဝန်ရှိသဖြင့် မှတ်တမ်းရေးကြရန်၊ အမှုကြန့်ကြာနေမှုများအား တရားသူကြီးချုပ် တာဝန်ဖြစ်သဖြင့် အလေးအနက်ထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြည်နယ်တရားသူကြီးချုပ်က ပြန်လည်ဆွေးနွေးပြောကြားသည်။

“နောက်တစ်ခု သက်သေထွက်ချက်ကို တရားသူကြီးက မှတ်ပါမှတ်တမ်း တင်ပေးရမယ်။ ဒီကိစ္စဟာ ရာဇဝတ်ကျင့်ထုံး ဥပဒေမှာလည်း ပြဋ္ဌာန်းထားပြီးသား၊ တရားရုံးမှာ ဦးဆောင်တာက တရားသူကြီးပါ။ အဲဒီကျတော့ ဒါကအခက်အခဲရှိလို့လား မှတ်တမ်းမတင်တာလား၊ အခြေအနေအလေ့အကျင့် တစ်ခုကြောင့်လား ဖြစ်သွားတာ။ တကယ့်တကယ် မူရင်းတာဝန်အရ တရားသူကြီးကပဲ မှတ်တမ်းတင်ရမယ်၊ ကျွန်တော်တို့အရင်တုန်းကလည်း လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင် မှတ်တမ်းတင်ပါတယ်။ တချို့ကျတော့ သက်သေတွေက ဥပမာဆိုပါစို့၊ ရဲတွေဆိုလို့ရှိရင် FIR ဖတ်သွားတယ်။ တကယ်တမ်းဆို ဒါမှားတယ်။ ကျွန်တော် ဆွေးနွေးဖူးတယ်။ ရဲက ဥပမာ ၁ ရက် ၁ လ ၂၀၁၈ နေ့က ကျွန်တော် အိမ်နံပါတ် ခု ဘယ်လောက်ကို သွားပါသည်လို့ မှတ်တမ်းတင်ရမယ်။ အခုက FIR ကို တန်းဖတ်တယ်။ အလေ့အထက စွဲနေပြီ။ ဒီလိုအလေ့အထကို မကောင်းတဲ့ဟာကို ကျွန်တော်တို့ တရားရုံးတွေ၊ ရှေ့နေတွေအပါအဝင် ဝိုင်းပြီးတော့ ပူးပေါင်းပြုပြင်မှ ရနိုင်လိမ့်မယ်လို့ ထင်ပါတယ်” ဟု ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျော်မင်းမောင်က ရှေ့နေများ၏ တင်ပြချက်များအား ပြန်လည်ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားသွားသည်။

တွေ့ဆုံပွဲတွင် ပြည်နယ်တရားရေးဦးစီးမှူးက အမှာစကားပြောကြားပြီး ပြည်နယ်တွင်း တာဝန်ထမ်းဆောင်နေကြသော တရားသူကြီးများ၊ ရှေ့နေများလည်း တက်ရောက်ကြပြီး သတင်းမီဒီယာများအား ပထမဆုံး သတင်းလာရောက်ယူရန် ဖိတ်ခေါ်ခံရခြင်းဖြစ်ကြောင်း၊ မဏ္ဍိုင်အချင်းချင်း ရှေ့ဆက်လက်တွဲချိတ်ဆက် လုပ်ဆောင်သွားရန်အတွက် လိုအပ်ကြောင်း ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က ပြောကြားသည်။

Most Read

Most Recent