ရန်ကုန်တိုင်း တရားလွှတ်တော်သို့ ပြင်ဆင်မှုတက်ထားသည့် ဦးကိုနီ လုပ်ကြံခံရမှုအမှုတွဲကို အမြန်ဆုံးကြားနာပြီး ဥပဒေအတိုင်း ဆုံးဖြတ်ပေးရန် ဇေယျာဖြိုး တောင်းဆို

ရန်ကုန်တိုင်း တရားလွှတ်တော်သို့ ပြင်ဆင်မှုတက်ထားသည့် ဦးကိုနီ လုပ်ကြံခံရမှုအမှုတွဲကို အမြန်ဆုံးကြားနာပြီး ဥပဒေအတိုင်း ဆုံးဖြတ်ပေးရန် ဇေယျာဖြိုး တောင်းဆို
Published 4 May 2018

ဦးကိုနီ လုပ်ကြံခံရမှုနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသူများကို မေ ၃ ရက်က ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်လာစဉ်

ဦးကိုနီ လုပ်ကြံခံရမှုအမှုတွဲနှင့် ပတ်သက်၍ နှစ်ဖက်ရှေ့နေများက ရန်ကုန်တိုင်း တရားလွှတ်တော်သို့ ပြင်ဆင်မှုတက်ထားခြင်းအပေါ် တိုင်းတရားလွှတ်တော်က အမြန်ဆုံးကြားနာပြီး ဥပဒေအတိုင်း အမြန်ဆုံးဆုံးဖြတ်ပေးရန် တောင်းဆိုကြောင်း ဇေယျာဖြိုးက မေ ၃ ရက် ရုံးချိန်းအပြီးတွင် ပြောကြားသည်။

ယင်းနေ့တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ရောက်ရှိနေသည့် ဦးကိုနီ လုပ်ကြံခံရမှုအမှုတွဲမှာ အမှုကို ပုံမှန်စစ်ဆေးနေကျဖြစ်သည့် ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးသို့ ပြန်မရောက်သေးသဖြင့် အမှုကို မစစ်ဆေးဖြစ်ဘဲ ရုံးချိန်းကို မေ ၁၇ ရက်သို့ ပြန်လည်ချိန်းဆိုပေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်က ဘာအပြစ်မှမရှိဘဲ ထောင်ထဲမှာ နေနေရတယ်။ အခုတိုင်းတရားရုံးကို တက်ထားတာလည်း အကြောင်းမထူးဘူး။ တစ်လခွဲ ရှိနေပြီဗျ။ ဒါကြောင့်မို့လို့ မီဒီယာတွေကနေတစ်ဆင့် တောင်းဆိုပါတယ်။ အမြန်ဆုံး အထက်တရားရုံးကနေပြီး ကြားနာပေးဖို့နဲ့ ဥပဒေအတိုင်း အမြန်ဆုံး ဆုံးဖြတ်ပေးဖို့ တောင်းဆိုပါတယ်။ ကျွန်တော်နဲ့ပတ်သက်ပြီးတော့ မီဒီယာတွေကလည်း ဒီအမှုမှာပါတယ်လို့ သံသယရှိရင် ကြိုက်တဲ့အချိန် ကျွန်တော့်ကို မေးလို့ရပါတယ်။ အချက်အလက် အတိအကျနဲ့ပြောပါမယ်။ ဘယ်နေရာမှာမှ ပတ်သက်မှုမရှိတဲ့အတွက် မီဒီယာတွေမေးချင်ရင် နောက်တစ်ပတ်လည်း သေချာမေးခွန်း လုပ်ထားလို့ရတယ်ဗျ” ဟု ဇေယျာဖြိုးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ အမှုတွဲရောက်ရှိရသည့် အကြောင်းရင်းမှာ စွပ်စွဲခံရသူများဖြစ်သည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့သည် မြောက်ပိုင်းခရိုင်တရားရုံးက ၎င်းတို့အပေါ် ချမှတ်ထားသည့် စွဲချက်အမိန့်အပေါ် ကျေနပ်မှုမရှိသဖြင့် ၎င်းတို့၏ရှေ့နေများမှတစ်ဆင့် တိုင်းတရားလွှတ်တော်သို့ ပြင်ဆင်မှု တက်ထားခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဦးနေဝင်းဇနီး၏ သဘောတူညီချက်ဖြင့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကလည်း ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့အပေါ် ချမှတ်ထားသည့် စွဲချက်အမိန့်သည် လိုအပ်ချက်များရှိသဖြင့် ပြင်ဆင်မှုတက်ထားကြောင်း သိရသည်။ ထိုသို့ပြင်ဆင်မှုတက်ခြင်းများကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ကလက်ခံခဲ့ပြီး နှစ်ဦးနှစ်ဖက်ရှေ့နေများ၏ လျှောက်လဲချက်ကို ကြားနာကာ အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ မြောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးနေသည့် အမှုတွဲကို ရန်ကုန်တိုင်း တရားလွှတ်တော်သို့ ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အမှုတွဲတွေ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးလို့ အမှုကို သာမန်လုပ်ရိုးလုပ်စဉ်အတိုင်း နှစ်ပတ်မြောက်တဲ့ မေ ၁၇ ရက် ကြာသပတေးနေ့ကို ပြန်လည်ချိန်းဆိုခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ကို အမှုတွဲတွေ ပေးပို့ခဲ့တဲ့အချိန်ကစပြီး ဒီနေ့အချိန်ထိ ကျွန်တော်တို့ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးကို အမှုတွဲတွေ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးပါဘူး။ အမှုတွဲတွေ ပြန်လည်ရောက်ရှိလာတဲ့အခါကျရင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က ဘယ်လိုညွှန်ကြားမလဲဆိုတာ အဲဒီအချိန်မှ သိရှိနိုင်မှာ ဖြစ်ပါတယ်” ဟု ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး ဦးရဲလွင် (သတင်းပြန်ကြားရေးအရာရှိ) က ပြောကြားသည်။

ဦးကိုနီ လုပ်ကြံခံရမှုနှင့်ပတ်သက်၍ တရားစွဲခံထားရသူများကို အမှုစစ်တရားရုံးက ဖေဖော်ဝါရီ ၉ ရက်တွင် စွဲချက်တင်ခဲ့သည်။

ထိုသို့စွဲချက်တင်ရာတွင် ရာဇသတ်ကြီးအမှု အမှတ် ၄၅/ ၂၀၁၇ (လူသတ်မှုအမှုတွဲ)မှ ကြည်လင်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)(ခ)/၃၄၊ ၃၀၂(၂) ဖြင့်လည်းကောင်း၊ အောင်ဝင်းဇော်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂(၁)(ခ)/၃၄ ဖြင့်လည်းကောင်း၊ ဇေယျာဖြိုးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)(ခ)/၃၄ ဖြင့်လည်းကောင်း၊ အောင်ဝင်းထွန်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၁၂ ဖြင့်လည်းကောင်း စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ရာဇသတ်ကြီးအမှုအမှတ် ၄၆/ ၂၀၁၇ (လက်နက်မှုအမှုတွဲ) မှ ကြည်လင်းနှင့် အောင်ဝင်းဇော်တို့ကို လက်နက်ဥပဒေပုဒ်မ ၁၉(ဃ)(စ) တို့ဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရသည်။

စွဲချက်တင်ခံထားရသူများကမူ အမှုနှင့်ပတ်သက်ပြီး ၎င်းတို့တွင် အပြစ်မရှိကြောင်း ငြင်းဆိုထားကြသည်။

Most Read

Most Recent