ထောက်ကြန်မြို့ ရဲစခန်းအနီးရှိ လမင်းသာ (၂) စားသောက်ဆိုင်တွင် သံဃာတစ်ပါးကို ဝိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် ပုဒ်မလေးခုဖြင့် တရားစွဲဆိုခံထားရသော ဆိုင်ပိုင်ရှင်အပါအဝင် နှစ်ဦးကို ၁၅ ကြိမ်မြောက် ရုံးထုတ်

ထောက်ကြန်မြို့ ရဲစခန်းအနီးရှိ လမင်းသာ (၂) စားသောက်ဆိုင်တွင် သံဃာတစ်ပါးကို ဝိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် ပုဒ်မလေးခုဖြင့် တရားစွဲဆိုခံထားရသော ဆိုင်ပိုင်ရှင်အပါအဝင် နှစ်ဦးကို ၁၅ ကြိမ်မြောက် ရုံးထုတ်
Published 4 May 2018

ထောက်ကြန်မြို့ ရဲစခန်းအနီးရှိ လမင်းသာ (၂) စားသောက်ဆိုင်တွင် သံဃာတစ်ပါးကို ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် အမှုအတွက် ပုဒ်မလေးခုဖြင့် တရားစွဲဆိုခံထားရသည့် ဆိုင်ပိုင်ရှင်အပါအဝင် နှစ်ဦးကို မေ ၃ ရက်က မင်္ဂလာဒုံမြို့နယ် တရားရုံးတွင် (၁၅) ကြိမ်မြောက် ရုံးထုတ်ခဲ့ကြောင်း သိရသည်။

အဆိုပါရုံးချိန်းတွင် တရားလိုပြသက်သေ လာရောက်ခြင်းမရှိသောကြောင့် စစ်ဆေးခြင်းမပြုလုပ်ဖြစ်ဘဲ (၁၆) ကြိမ်မြောက် ရုံးချိန်းကို မေ ၁၀ ရက်သို့ ပြန်လည်ချိန်းဆိုထားကြောင်း မင်္ဂလာဒုံမြို့နယ်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၈ ရက်က ထောက်ကြန့်မြို့ ရဲစခန်းအနီးရှိ လမင်းသာ (၂) စားသောက်ဆိုင်တွင် သံဃာတစ်ပါးကို ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် အမှုအတွက် ဆိုင်ပိုင်ရှင်ဖြစ်သူ အောင်မိုးနှင့် မြင့်ကျော်တို့ကို ပုဒ်မ ၂၉၄၊ ၂၉၅-က၊ ၃၂၃၊ ၄၀၃ တို့ဖြင့် ထောက်ကြန့်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်မြင့်လွင်က မင်္ဂလာဒုံမြို့နယ်တရားရုံး၌ ဒီဇင်ဘာ ၁၅ ရက်တွင် စတင် တရားစွဲဆိုထားခြင်းဖြစ်သည်။

တရားစွဲဆိုရာတွင် တရားလိုအပါအဝင် သက်သေစုစုပေါင်း ၁၉ ဦးရှိသည့်အနက် တရားလိုနှင့် တရားလိုပြသက်သေရှစ်ဦးကို စစ်ဆေးပြီးဖြစ်ကြောင်း မင်္ဂလာဒုံမြို့နယ်တရားရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

လမင်းသာ (၂) စားသောက်ဆိုင်တွင် ရိုက်နှက်ခံရသည့် ဆရာတော်သည် သံဃာအစစ်အမှန်ဖြစ်ပြီး အတင်းအကျပ် ခံဝန်ထိုးခိုင်းခံခဲ့ရခြင်းဖြစ်ကြောင်း နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ပုသိမ်မြို့ပစ္ဆိမာရုံ ကျောင်းဆရာတော်ကြီးနှင့် ကာယကံရှင်ဆရာတော် ဆရာတော်ဘဒ္ဒန္တဣန္ဒ (ဓမ္မစရိယ) အပါအဝင် သံဃာတော်များက ဒီဇင်ဘာ ၄ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent