YBS ယာဉ်လိုင်းများ၏ ငွေပေးချေမှုစနစ်အတွက် ကျန်ရှိနေသည့် ကုမ္ပဏီနှစ်ခုနှင့် ယခုလကုန်တွင် MoU ရေးထိုးပြီး ယင်းကုမ္ပဏီနှစ်ခုအနက် တစ်ခုကို ထပ်မံရွေးချယ်မည်

YBS ယာဉ်လိုင်းများ၏ ငွေပေးချေမှုစနစ်အတွက် ကျန်ရှိနေသည့် ကုမ္ပဏီနှစ်ခုနှင့် ယခုလကုန်တွင် MoU ရေးထိုးပြီး ယင်းကုမ္ပဏီနှစ်ခုအနက် တစ်ခုကို ထပ်မံရွေးချယ်မည်
Published 4 May 2018

YBS ယာဉ်လိုင်းများ၏ ငွေပေးချေမှုစနစ် (Yangon Payment Services-YPS) အတွက် ကျန်ရှိနေသည့် ကုမ္ပဏီနှစ်ခုနှင့် ယခုလအကုန်တွင် MoU ရေးထိုးသွားမည်ဖြစ်ပြီး ယင်းကုမ္ပဏီနှစ်ခုအနက် တစ်ခုကို ရွေးချယ်မည်ဖြစ်ကြောင်း မေ ၂ ရက်က Cooperative Business Centre တွင် ပြုလုပ်သည့် Yangon Investment Forum 2018 အကြိုသတင်းစာရှင်းလင်းပွဲမှ သိရသည်။

“ကျန်နှစ်ခုနဲ့ ဆက်လက်ညှိနှိုင်းနေပါတယ်။ MoU ကို မေလအကုန်လောက်မှာ ထိုးနိုင်အောင် ကြိုးစားနေပါတယ်။ အစကနေ ပြန်သွားစရာမလိုပါဘူး။ အရင်တုန်းက ညှိနှိုင်းထားတာတွေရှိပါတယ်။ ဒါတွေကို အဆိုပြုထားတဲ့အတိုင်း ဆက်ညှိတာဖြစ်ပါတယ်။ MoU နှစ်ခုတက်လာမှာဖြစ်ပါတယ်။ တက်လာတဲ့ MoU နှစ်ခုကို တင်ဒါကြီးကြပ်ရေး ကော်မတီကနေပြီးတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်မှာပါ။ တိုင်းအစိုးရအဖွဲ့ကနေပြီးတော့ တင်လာတဲ့ MoU နှစ်ခုထဲက တစ်ခုကိုရွေးမှာ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက အခမ်းအနားအပြီး မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။

Yangon Payment Services-YPS စနစ်အတွက် ကျပ် ၁၉ ဘီလျံ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမည်ဟုဆိုကာ တင်ဒါအောင်မြင်သည့် ကုမ္ပဏီအဖြစ် ရွေးချယ်ခံထားရသည့် Excel KC Myanmar ကုမ္ပဏီကို ပယ်ဖျက်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ YPS တင်ဒါ စိစစ်ကြီးကြပ်ရေးအဖွဲ့က ဧပြီ ၂၀ ရက် ရက်စွဲဖြင့် ဧပြီ ၂၁ ရက် နံနက် ၁ နာရီခန့်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဆက်လက်ပြီး ထုတ်ပြန်ချက်၌ တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှင့် စာချုပ်စာတမ်း ညှိနှိုင်းမှုအတွင်း အကြောင်းတစ်စုံတစ်ရာကြောင့် အဆင်မပြေခြင်း၊ ပျက်ပြယ်ခြင်းရှိပါက ကျန်ရှိသည့် ဆန်ခါတင် ကုမ္ပဏီနှစ်ခုဖြစ်သော Any pay Service နှင့် Asia Starmar Transport Intelligent ကုမ္ပဏီနှစ်ခုအနက် တစ်ခုကို ထပ်မံရွေးချယ် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

လက်ရှိတွင်မူ ကျန်ရှိသည့် ဆန်ခါတင်ကုမ္ပဏီနှစ်ခုဖြစ်သော Any pay Service နှင့် Asia Starmar Transport Inteligent ကုမ္ပဏီနှစ်ခုအား တင်ဒါစည်းကမ်းချက်များ၊ လုပ်ထုံးလုပ်နည်း ဥပဒေများအတိုင်း ထပ်မံစိစစ်ရွေးချယ်ပြီး ညှိနှိုင်းသွားရန် စီစဉ်နေကြောင်း YPS တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။

Yangon Payment Services (YPS) စနစ်ကို နောက်ဆုံးအဆင့် နည်းပညာများဖြင့် ဆောင်ရွက်ထားသည့်အတွက် YBS ယာဉ်လိုင်းများ၏ ငွေပေးချေမှုစနစ်သည် အရှေ့တောင်အာရှ၌ အရှေ့ဆုံးသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။

အဆိုပါစနစ်ကို ပြည်တွင်းရှိဘဏ်များဖြင့် ချိတ်ဆက်မဆောင်ရွက်ဘဲ သီခြားစနစ်တစ်ခုဖြင့် ဆောင်ရွက်ရခြင်းသည် အခြေခံပြည်သူများ၏ ဝန်ဆောင်ခစရိတ်ကို အနိမ့်ဆုံး အသက်သာဆုံး ကတ်ဖြစ်အောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။