ရန်ကုန်မြို့အတွင်း ရပ်တန့်ထားသည့် ယာဉ်များပေါ်မှ ဖုန်းများခိုးယူနေသည့် လူငယ်တစ်ဦးအား အင်းစိန်မြို့နယ်တွင် ဖမ်းမိ

ရန်ကုန်မြို့အတွင်း ရပ်တန့်ထားသည့် ယာဉ်များပေါ်မှ ဖုန်းများခိုးယူနေသည့် လူငယ်တစ်ဦးအား အင်းစိန်မြို့နယ်တွင် ဖမ်းမိ
Published 4 May 2018

ရန်ကုန်မြို့အတွင်း၌ ရပ်တန့်ထားသည့် ယာဉ်များပေါ်မှ ဖုန်းများ လိုက်လံခိုးယူနေသည့် လူငယ်တစ်ဦးကို အင်းစိန်မြို့နယ်အတွင်း၌ ဖမ်းဆီးရမိခဲ့ကြောင်း မေ ၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

ဖမ်းဆီးရမိသူမှာ ဇင်သူ (၁၉ နှစ်) ဆိုသူဖြစ်ပြီး ၎င်းကို ဧပြီ ၉ ရက်က အင်းစိန်မြို့နယ် မြို့သစ် (ဂ) ရပ်ကွက် ပိတောက်လမ်းပေါ်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူက ခိုးမှုတွေ ကျူးလွန်ထားတယ်လို့ သတင်းရလို့ လိုက်ပြီးဖမ်းဆီးခဲ့တာ။ ဖမ်းမိတဲ့အချိန်မှာ သူ့ဆီမှာ ဖုန်းတစ်လုံးတွေ့တယ်။ အဲ့ဒီဖုန်းနဲ့ပတ်သက်ပြီး စစ်တော့ပိုင်ဆိုင်ကြောင်း အထောက်အထားမပြနိုင်ဘူး။ အဲဒါကြောင့် စခန်းမှာ အမှုဖွင့်ပြီး ထပ်စစ်ခဲ့တာမှာ နောက်ထပ်အမှုတွေ ထပ်ပေါ်တာ။ အားလုံးက ရပ်ထားတဲ့ကားတွေပေါ်က ခိုးတာ” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

စစ်ဆေးရာ၌ ၎င်းသည် မတ်နှင့် ဧပြီလများအတွင်းက အင်းစိန်မြို့နယ် ကြို့ကုန်းအရှေ့ရပ်ကွက် မင်းဓမ္မလမ်းပေါ်တွင် ရပ်ထားသည့် ယာဉ်တစ်စီးပေါ်မှ ဖုန်းတစ်လုံးကိုလည်းကောင်း၊ အဆိုပါနေရာအနီး၌ပင် ရပ်တန့်ထားသည့် ယာဉ်တစ်စီးပေါ်မှ ဖုန်းတစ်လုံးကိုလည်းကောင်း၊ ကျောက်တော်ကြီးဘုရားရှေ့၌ ရပ်တန့်ထားသည့် ယာဉ်တစ်စီးပေါ်မှ ဖုန်းတစ်လုံးကိုလည်းကောင်း၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံလမ်းအတွင်း ရပ်တန့်ထားသည့် ယာဉ်တစ်စီးပေါ်မှ ဖုန်းတစ်လုံးကိုလည်းကောင်း၊ ကျိုက်ဝိုင်းဘုရားလမ်းပေါ်တွင် ရပ်တန့်ထားသည့် ယာဉ်တစ်စီးပေါ်မှ ဖုန်းလေးလုံးကိုလည်းကောင်း ခိုးယူခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းသည် မတ်နှင့် ဧပြီလများ အတွင်းကပင် မရမ်းကုန်းမြို့နယ် သမိုင်းခုံးတံတားပေါ်တွင် ရပ်ထားသည့် ယာဉ်တစ်စီးပေါ်မှ ဖုန်းတစ်လုံး၊ ဗဟိုလမ်းရှိပေါ်တော်မူ ဘုရားအနီးတွင် ရပ်တန့်ထားသည့် ယာဉ်တစ်စီးပေါ်မှ ဖုန်းတစ်လုံး၊ ဘုရင့်နောင်ပွဲရုံလမ်းအတွင်း ရပ်တန့်ထားသည့် ယာဉ်တစ်စီးပေါ်မှ ဖုန်းတစ်လုံး၊ အဆိုပါပွဲရုံလမ်းအတွင်း၌ ကုန်များချနေသည့် ယာဉ်တစ်စီးပေါ်မှ ဖုန်းတစ်လုံး၊ မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံတွင် ရပ်တန့်ထားသည့် ယာဉ်တစ်စီးပေါ်မှ ဖုန်းတစ်လုံး၊ အင်းစိန်လမ်းမပေါ်တွင် ရပ်တန့်ထားသည့် ယာဉ်တစ်စီးပေါ်မှ ဖုန်းတစ်လုံး၊ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းမပေါ်တွင် ရပ်တန့်ထားသည့် ယာဉ်တစ်စီးပေါ်မှ ဖုန်းတစ်လုံး၊ လှည်းတန်းခုံးတံတားအနီး ရပ်တန့်ထားသည့် ယာဉ်များပေါ်မှ ဖုန်းရှစ်လုံးတို့ကိုလည်းကောင်း ခိုးယူကာ ရောင်းချထားသည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ထိုသို့ပေါ်ပေါက်ချက်များအရ ဇင်သူဆိုသူကို သက်ဆိုင်ရာရဲစခန်းများတွင် အမှုများ အသီးသီးရေးဖွင့်ကာ အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

Most Read

Most Recent