ရန်ုကုန်တိုင်းဒေသကြီးရှိ ရဲတပ်ဖွဲ့၏ မော်တော်ယာဉ် စက်သုံးဆီများ လုံလောက်မှုမရှိပါက ထပ်မံထောက်ပံ့မည်ဟု ဆို

ရန်ုကုန်တိုင်းဒေသကြီးရှိ ရဲတပ်ဖွဲ့၏ မော်တော်ယာဉ် စက်သုံးဆီများ လုံလောက်မှုမရှိပါက ထပ်မံထောက်ပံ့မည်ဟု ဆို
Published 4 May 2018

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်သည့် ရဲတပ်ဖွဲ့၏ မော်တော်ယာဉ်စက်သုံးဆီများ လုံလောက်မှုမရှိကြောင်း တင်ပြပါက ထပ်မံထောက်ပံ့ပေးမည်ဖြစ်ကြောင်း မေ ၃ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောကြားသည်။

တွံတေးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦး၏ “ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေဒေသလုံခြုံရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရပ်ရွာအခြေပြုနှင့် လှည့်ကင်းများဆောင်ရွက်ရာတွင် အဆင်ပြေချော့မွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် မော်တော်ယာဉ်ပြင်ဆင်စရိတ်နှင့် စက်သုံးစရိတ်များ ထောက်ပံ့ကူညီပေးရန် အစီအစဉ် ရှိ၊ မရှိ” လွှတ်တော်၌ မေးမြန်းမှုအား ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြန်လည်ဖြေကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“စက်သုံးဆီ လုံလောက်မှုမရှိတဲ့အတွက်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ၉-၁-၂၀၁၈ ရက်နေ့မှာ တင်ပြတောင်းခံတဲ့အတွက် စက်သုံးဆီ ၃၀၀ ဂါလန်၊ ၁၁-၁-၂၀၁၈ ရက်တွင် စက်သုံးဆီ ၄၀၂၅ ဂါလန်ကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကို ထောက်ပံ့ပေးခဲ့ပါတယ်။ ဒါကြောင့်မို့လို့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖွဲ့စည်းပုံအတိုင်း ဆောင်ရွက်ပေးနေသလိုပဲ။ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့လည်း ရဲတပ်ဖွဲ့က တင်ပြလာမယ်ဆိုရင် စိစစ်ပြီးတော့မှ ထောက်ပံ့နိုင်ရေးကို ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့တွင် လှည့်ကင်းမီးတန်းယာဉ် ၄၇ စီး၊ Double Cup မော်တော်ယာဉ် ၅၆ စီး၊ လုံခြုံရေးအတွက် Faw မော်တော်ယာဉ် ၂၀ စီး၊ အချုပ်ယာဉ် ၄၅ စီး၊ လှည့်ကင်း မော်တော်ဆိုင်ကယ် အစီးရေ ၁၅၀၊ စက်ဘီး ၂၁၅ စီး၊ မှုခင်းပညာပေး ယာဉ်တစ်စီးတို့ဖြင့် မြို့နယ်များတွင် မှုခင်းကျဆင်းရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရဲတပ်ဖွဲ့၏ယာဉ်များ စက်သုံးဆီထောက်ပံ့ပေးမှုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လစဉ်ခွဲတမ်းဖြင့်ပေးနေပြီး ၂၀၁၇/၂၀၁၈ ဘဏ္ဍာနှစ်တွင် စီမံ/ဘဏ္ဍာဝန်ကြီးဌာနမှ မော်တော်ယာဉ် ပြင်ဆင်စရိတ်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent