ထိုင်းနယ်စပ် ဒုက္ခသည်စခန်းများတွင် နေထိုင်နေသည့် မြန်မာဒုက္ခသည်များအနက် ဒုတိယအကြိမ်အဖြစ် ၁၆၁ ဦး မြန်မာနိုင်ငံသို့ မေ ၇ ရက်တွင် ပြန်လည်ဝင်ရောက်မည်

ထိုင်းနယ်စပ် ဒုက္ခသည်စခန်းများတွင် နေထိုင်နေသည့် မြန်မာဒုက္ခသည်များအနက် ဒုတိယအကြိမ်အဖြစ် ၁၆၁ ဦး မြန်မာနိုင်ငံသို့ မေ ၇ ရက်တွင် ပြန်လည်ဝင်ရောက်မည်
Published 4 May 2018

၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၆ ရက်က ထိုင်းဒုက္ခသည်စခန်းမှ မြန်မာနိုင်ငံသို့ ပထမအကြိမ် ပြန်လည် ဝင်ရောက်လာသူများအား မြဝတီမြို့ကြိုဆိုရေးစခန်းတွင် တွေ့ရစဉ်။ (ဓာတ်ပုံ-ရွှေသိန်း)

မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ် ထိုင်းဒုက္ခသည် စခန်းများတွင်နေထိုင်နေသည့် မြန်မာဒုက္ခသည်များအနက် ဒုတိယအကြိမ်အဖြစ် ဒုက္ခသည် ၁၆၁ ဦး မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်မည်ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးစိုင်းထွန်းညိုက မေ ၃ ရက်တွင် The Daily Eleven သတင်းစာကို ပြောကြားသည်။

အဆိုပါနေရပ်ပြန်လာမည့်သူများမှာ ၎င်းတို့ သဘောဆန္ဒအလျောက် အမည်စာရင်းတင်သွင်းထားသူများဖြစ်ပြီး  အိမ်ထောင်စုပေါင်း ၅၀ စု ( ၁၆၁ ဦး) တို့ ဖြစ်ကြောင်း သိရသည်။

ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင် ကရင်ပြည်နယ် မြဝတီ နယ်စပ်ဝင်ပေါက်နှင့် ကယားပြည်နယ် မယ်စဲဝင်ပေါက်တို့မှ ပြန်လည်ဝင်ရောက်မည်ဖြစ်ကြောင်း လက်ထောက်အတွင်းဝန် ဦးစိုင်းထွန်းညိုက ပြောကြားသည်။

“မြန်မာနဲ့ ထိုင်းနဲ့ နှစ်ဖက်အစိုးရ ပေါင်းစပ်ညှိနှိုင်းပြီး သူတို့ကိုပြန်စစ်တာပေါ့နော်။ မြန်မာနိုင်ငံကို ပြန်လာချင်တဲ့သူဆို လာချင်တဲ့သူ စာရင်းရတယ်ဆိုရင် အဲဒီလူတွေကို မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် စစ်ပါတယ်ဗျ။ စစ်တဲ့ လုပ်ငန်းစဉ် ပြီးတဲ့အချိန်မှာ နိုင်ငံအစိုးရ ညှိပြီးတော့ပြန်လက်ခံတာပေါ့။ ပြီးခဲ့တဲ့နှစ်ကလည်း တစ်ကြိမ်လက်ခံဖူးတယ်ဗျ”  ဟု လက်ထောက်အတွင်းဝန် ဦးစိုင်းထွန်းညိုက ပြောကြားသည်။

UNHCR ၏ စာရင်းအရ ဆန္ဒအလျောက် ပြန်မည့် ဒုက္ခသည် ၁၆၁ ဦးတွင် မယ်လစခန်း၌ အိမ်ထောင်စု ၂၀ မှ လူဦးရေ ၆၀ ဦး၊ နို့ဖိုးစခန်းရှိ အိမ်ထောင်စု ၁၃ စုမှ ၃၅ ဦး၊ အုန်းဖျန်စခန်းရှိ အိမ်ထောင်စု ၈ စုမှ ၃၀ ဦး၊ မိုင်နန်းစွယ်စခန်းရှိ အိမ်ထောင်စု ၉ စုမှ ၃၅ ဦးနှင့် ဘမ့်ဒုံယမ်းစခန်းမှ တစ်ဦးတို့ ဖြစ်ကြောင်း ကေအိုင်စီ သတင်းဌာနတွင် ဖော်ပြထားသည်။

ထိုသို့ နေရပ်ပြန်လာမည့်သူများတွင် မြန်မာနိုင်ငံသား လူမျိုးပေါင်းစုံ ပါဝင်ကြောင်းလည်း သိရသည်။

“အခုဝင်လာမယ့် အုပ်စုတွေထဲမှာ သူ့ဒေသအလိုက်ပေါ့။ အများဆုံးက ကရင်ပြည်နယ်မှာရှိတဲ့ အဖွဲ့တွေက နဂိုကတည်းက သူတို့အိမ်တွေရှိတယ်။ သူတို့ရွာတွေမှာ အိမ်ရှိတဲ့ အုပ်စုရှိသလို အိမ်လုံးလုံးမရှိတဲ့ အုပ်စုရှိတယ်။ အိမ်လုံးလုံးမရှိတဲ့အုပ်စုက အခုစစ်လိုက်တော့ အိမ် ၁၄ လုံး မိသားစု ၁၄ စုပေါ့။ မိသားစု ၁၄ စုမှာ ကရင်ပြည်နယ်ထဲမှာ အခြေချ နေထိုင်ချင်တယ်လို့ ဆန္ဒပေးထားတဲ့ မိသား စု ၁၂ စု၊ ရန်ကုန်တိုင်းမှာ အခြေချနေထိုင်ချင်တယ်လို့ စာရင်းပေးထားတဲ့ မိသားစုက နှစ်စု။ အဲဒီအိမ် မရှိဘူးဆိုတဲ့သူတွေအတွက် ကျွန်တော်တို့ အိမ်ဆောက်ပေးပါမယ်” ဟု ဦးစိုင်းထွန်းညိုက ပြောကြားသည်။

ပြန်လည် ဝင်ရောက်မည့်သူများအနက် နေထိုင်စရာ အိမ်မရှိ၍ ကရင်ပြည်နယ်ထဲတွင် အခြေချနေထိုင်လိုသည့် အိမ်ထောင်စု ၁၂ စုအတွက် အိမ်ဆောက်ပေးရန် မြေနေရာအား ကရင်ပြည်နယ်အစိုးရနှင့် ညှိနှိုင်းနေပြီး  ရန်ကုန်တိုင်းဒေသကြီးတွင် အခြေနေထိုင်မည့် အိမ်ထောင်စုနှစ်စုအတွက် တန်ဖိုးနည်းအိမ်ရာတွင် တိုက်ခန်းဝယ်ယူရန် ၆၅ သိန်း ထောက်ပံ့ပေးမည်ဖြစ်ပြီး ကျန်ငွေများအား ကာယကံရှင်များက အရစ်ကျစနစ်ဖြင့် ပေးသွင်းရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ထို့ပြင် ပြန်လည် ဝင်ရောက်လာမည့်သူများအား တစ်လစာရိက္ခာအား တစ်ရက်လျှင် တစ်ဦး ကျပ် ၅၉၀ နှုန်းဖြင့် ထောက်ပံ့ပေးမည်ဖြစ်ပြီး နောက်ပိုင်းတွင် မိမိအစီအစဉ်ဖြင့် စားသောက်ရေးကိစ္စအား ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ပြည်တွင်းစစ်ကြောင့် ထွက်ခွာသွားသူများ ခိုလှုံနေသည့် ဒုက္ခသည်စခန်းကိုးခုရှိပြီး ကရင်ဒုက္ခသည်စခန်း ခုနစ်ခု နှင့် ကရင်နီ ဒုက္ခသည်စခန်းနှစ်ခုရှိကာ ဒုက္ခသည်ဦးရေ တစ်သိန်းနီးပါးရှိပြီး အဆိုပါစာရင်းတွင် တတိယနိုင်ငံသို့ ရောက်ရှိသွားသူ များမပါဝင်ကြောင်း ကရင်ဒုက္ခသည်ကော်မတီ (KRC) ထံမှ ရရှိသော အချက်အလက်များအရ သိရသည်။

“အခြေအနေကတော့ အမျိုးမျိုးရှိတာပေါ့။ ကိုယ့်ကိုယ်ရေးကိုယ်တာနဲ့ ကိုယ်ဆိုတော့။ ကိုယ့်အခြေအနေပေါ် ကိုယ့်ဘာသာ ဆုံးဖြတ်ပြီး ပြန်တဲ့အပေါ်မှာ ဘာမှပြောလို့ မရဘူး။ ဒုက္ခသည်စခန်းမှာ ပံ့ပိုးမှုတွေ လျော့ကျသွားတာလည်း ဖြစ်နိုင်တယ်။ ဒုက္ခသည် စခန်းထဲ ဝင်လာပြီး သူတို့ရည်မှန်းချက် မအောင်မြင်လို့ ပြန်သွားတာလည်း ဖြစ်နိုင်တယ်။ ဒုက္ခသည်အမျိုးအစားတွေက ဒုက္ခသည်စခန်းထဲမှာ အမျိုးမျိုးရှိတယ်ပေါ့။ ပြန်တဲ့သူတွေက လူမျိုးပေါင်းစုံလို့ ပြောလို့ရတယ်။ ဒီကိစ္စက UNHCR နဲ့ နှစ်နိုင်ငံအစိုးရ တိုင်ပင်ပြီး လုပ်တဲ့ကိစ္စပါ။ ကျွန်တော်တို့ကို အသေးစိတ်မပေးပါဘူး။ ဘာလူမျိုး နောက်ပြီးတော့ အမည်၊ အိမ်ထောင်နံပါတ်တွေ ဘာမှမပေးဘူး။ သူတို့ပြန်ပြီးရင်တော့ သတင်းအသေးစိတ်ကို ပေးမယ်လို့  UNHCR ကပြောတယ်။ ပြန်တာကလည်း ကရင်ပြည်နယ်ချည်း မဟုတ်ဘူး။ တခြားတိုင်းနဲ့ ပြည်နယ်တွေကို ပြန်သွားတာ အများကြီးရှိပါတယ်။ ကရင်ပြည်နယ်ထဲ ပြန်သွားတာ နည်းနည်းလေးပဲ” ဟု ကရင်ဒုက္ခသည်ကော်မတီ (KRC) အထွေထွေအတွင်းရေးမှူး ဆရာဘွယ်စေးက ပြောကြားသည်။

မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည့် ဒုက္ခသည်များအား ၎င်းတို့နေထိုင်ရာ ဒုက္ခသည်စခန်းမှ နယ်စပ်အထိ သယ်ယူပို့ဆောင်ရေးကို UNHCR မှ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း သွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့ (International Organization for Migration- IOM) မှတစ်ဆင့် ကူညီပို့ဆောင်ပေးမည်ဖြစ်သကဲ့သို့ လမ်းခရီးအတွက် ငွေကြေး အကူအညီကို IOM မှ တစ်ဆင့် လူတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁,၈၀၀ နှင့် ပြန်လည်ထူထောင်ရေးအတွက် လူကြီးတစ်ဦးလျှင် ဘတ် ၅,၄၀၀နှင့် ကလေးတစ်ဦးလျှင် ဘတ် ၃,၆၀၀ ကို ပေးအပ်ကူညီသွားမည်ဖြစ်ကြောင်းနှင့်  စားနပ်ရိက္ခာအကူအညီအတွက် ကမ္ဘာ့စားနပ်ရိက္ခာ (WFP) ၏ အစီအစဉ်ဖြင့် အစားအစာ ခြောက်လစာနှင့် ညီမျှသော ငွေကြေးကို လူတစ်ဦးလျှင် ဘတ်ငွေ ၂,၁၀၀ စီဖြင့် ထွက်ခွာမည့်နေ့တွင် ပေးအပ်ကူညီသွားမည်ဖြစ်ပြီး ခြင်ထောင်၊ အမျိုးသမီးလစဉ်သုံး၊ ခရီးဆောင်အိတ်နှင့် စာရွက်စာတမ်း ထည့်သည့် ဖိုင်များကို IOM မှတစ်ဆင့် မထွက်ခွာမီ ပေးအပ်သွားမည်ဟုလည်း UNHCR မှ ရရှိသော အချက်အလက်များအား ကိုးကားကာ ကေအိုင်စီ သတင်းဌာနက ဖော်ပြထားချက်အရ သိရသည်။

ပထမဆုံးအကြိမ် ထိုင်းနိုင်ငံဒုက္ခသည်စခန်းများတွင် နေထိုင်သူများအနက်  နို့ဖိုး ဒုက္ခသည်စခန်းမှ အိမ်ထောင်စု ၁၉ စု (ဒုက္ခ သည်ဦးရေ ၆၀ ကျော်) သည် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသဖြင့် ကရင်ပြည်နယ် မြဝတီမြို့တွင် ကြိုဆိုရေးစခန်းဖွင့်လှစ်ကာ ကြိုဆိုမှုပြုလုပ်ခဲ့သည်။

Most Read

Most Recent