အင်းလေးကန် ဇုန်ဝင်ကြေး ကောက်ခံခွင့်လုပ်ငန်းကို အင်းလေးဒေသ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက နေ့ချင်းသွင်းစနစ်ဖြင့် ဈေးနှုန်းမသတ်မှတ်ဘဲ လုပ်ကိုင်ခွင့်ရရှိ

အင်းလေးကန် ဇုန်ဝင်ကြေး ကောက်ခံခွင့်လုပ်ငန်းကို အင်းလေးဒေသ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက နေ့ချင်းသွင်းစနစ်ဖြင့် ဈေးနှုန်းမသတ်မှတ်ဘဲ လုပ်ကိုင်ခွင့်ရရှိ
Published 4 May 2018

အင်းလေးဒေသသို့ လာရောက်လေ့လာလည်ပတ်နေသော နိုင်ငံခြားသားခရီးသွားများအား တွေ့ရစဉ်

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် ဇုန်ဝင်ကြေး ကောက်ခံခွင့်လုပ်ငန်းကို အင်းလေးဒေသ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ နေ့ချင်းသွင်းစနစ်ဖြင့် ဈေးနှုန်းမသတ်မှတ်ဘဲ လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အင်းလေးကန် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ဝင်ကြေးကောက်ခံခွင့်လုပ်ငန်းကို ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ဟိုတယ်လုပ်ငန်းရှင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများ စုပေါင်းဖွဲ့စည်းထားသော အင်းလေးဒေသ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ယခင်နှစ်စည်းမျဉ်းအတိုင်း နေ့ချင်းသွင်းစနစ်ဖြင့် မေ ၁ ရက်မှစတင်ကာ ကောက်ခံခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် ထူးခြားချက်မှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် အင်းလေးကန် ဟိုတယ်ဇုန်ဝင်ကြေးကို လေလံတင်ဒါမပေးတော့ဘဲ အင်းလေးဒေသ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို လုပ်ပိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ကာ ဈေးနှုန်းကို သတ်မှတ်ထားခြင်းမရှိတော့ဘဲ အင်းလေးဇုန်အတွင်း ဝင်ရောက်လာသော နိုင်ငံခြားသားများထံမှ ဝင်ကြေးများကို ရနိုင်သလောက် ကောက်ယူပြီး ရှမ်းပြည်နယ်အစိုးရထံ နေ့ချင်းသွင်းစနစ်ဖြင့် ပေးသွင်းရခြင်းဖြစ်ကြောင်း ဦးခင်မောင်လတ်က ပြောကြားသည်။

“အရင်နှစ်က သိန်းပေါင်း ၃၀၀၃၃ နဲ့ တင်ဒါအောင်ထားတဲ့ မြတ်မင်းစိုးက ဘယ်လိုဖြစ်သွားလဲဆိုတော့ တစ်လကိုလစာ ကျပ်ခုနစ်သိန်းနှုန်းနဲ့ယူပြီးတော့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီးကို ကောက်ပေးတဲ့ သဘောဖြစ်သွားတာပေါ့။ တင်ဒါ စည်းမျဉ်းစည်းကမ်းအရ ပေးထားတဲ့ငွေပမာဏကို ပြန်လည်ပြင်ဆင်ချိန်မှာ အဲဒီလိုလုပ်ချင်ရင် တင်ဒါမခေါ်နဲ့ပေါ့နော်။ အခုလိုပြန်ပြင်လိုက်တော့ ဘဏ္ဍာရေးဝန်ကြီးခေါင်းပေါ် သွားပုံနေတာပေါ့။ ဧည့်သည်သုံးသိန်းလောက် ဝင်လာခဲ့ရင်တော့ သိန်းပေါင်းငါးသောင်းလောက် ရနိုင်တာပေါ့။ ဘာမူဝါဒမှမရှိ၊ မခိုင်မာဘဲ ပြီးခဲ့တဲ့နှစ်ကလုပ်ခဲ့တာက တော်တော်လေး ပရမ်းပတာနိုင်သွားတယ်ပေါ့။ နေ့ချင်းသွင်းစနစ်ဆိုရင် ငါတို့လည်း ကောက်ချင်တာပေါ့ ဆိုတာလိုပေါ့။ တင်ဒါလည်းမရှိဘူး။ စည်းမျဉ်းစည်းကမ်းအရ စာချုပ်ချုပ်ဆိုတာလည်းမရှိဘူး။ အဖွဲ့တွေပူးပေါင်းပြီး ကောက်ခံခွင့်ပြုလိုက်သည်ပေါ့။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားချက်ထုတ်လိုက်တဲ့ သဘောတစ်ခုပဲပေါ့။ စည်းမျဉ်းက အောက်ကနေ ရေးတင်ရတာပေါ့။ ကျွန်တော်တို့အဖွဲ့တွေက ကိုယ့်ဒေသကို ဧည့်သည်တစ်ဦးဝင်လာ တစ်ဦးကောက်ပေးရမှာပေါ့။ ရှမ်းပြည်နယ်အစိုးရသတ်မှတ်တဲ့ ငွေစာရင်းထဲကို သွင်းပေးရမှာပေါ့နော်။ ဒါက ပိုပြီးတိကျမှုရှိလာမယ်။ ရှင်းရှင်းပြောရရင် ကိုယ့်ဒေသ ရသင့်ရထိုက်တဲ့ငွေတွေ ခိုးဖို့မပြောနဲ့ တစ်ယောက်တလေ လွတ်သွားမှာ တောင်အတင်းအဓမ္မ လိုက်ဖမ်းရမယ့် သဘောပေါ့” ဟု Save The Inle Lake အဖွဲ့မှ ဦးညီညီထွန်းက ဆိုသည်။

အဆိုပါ နေ့ချင်းသွင်းစနစ် တင်ဒါစည်းမျဉ်းအသစ်ကို ယခင်နှစ် ၂၀၁၈ ခုနှစ်၌ ဦးမြတ်မင်းစိုး လုပ်ကိုင်ခွင့်ရရှိခဲ့သောနှစ်တွင် ရှမ်းပြည်နယ်အစိုးရသစ်မှ စတင်ပြောင်းလဲကျင့်သုံးခဲ့ခြင်းဖြစ်ပြီး ကောက်ခံရရှိငွေ၏ ၄၅ ရာခိုင်နှုန်း နှစ်စုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် အင်းလေးကန် Truth Fund တို့ထံသို့ တစ်စုဆီပေးသွင်းရမည်ဖြစ်ပြီး ခြောက်ရာခိုင်နှုန်းကို ဝန်ထမ်းအသုံးစရိတ်၊ ကျန်နှစ်ရာခိုင်နှုန်းနှစ်စုကို အင်းလေးကန် ဟိုတယ်နှင့်ခရီးသွား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အသီးသီးခွဲဝေထားခြင်းဖြစ်ကြောင်း သိရသည်။

အင်းလေးကန် နိုင်ငံခြားသားခရီးသွား ဧည့်သည်ဝင်ခွင့် ကောက်ခံရေးလုပ်ငန်း သက်တမ်းတစ်လျှောက် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် အမြင့်ဆုံး လေလံကြေးကျပ် သိန်းပေါင်း ၃၀၀၃၃ ဖြင့် ဦးမြတ်မင်းစိုးက လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး တစ်နှစ်သက်တမ်းလုပ်ငန်း ပြီးဆုံးချိန်၌ သတ်မှတ်ထားသောလျာထား ငွေကြေးကျပ်သိန်းပေါင်း ၃၀၀၃၃ ပြည့်မီခြင်းမရှိဘဲ ကျန်သိန်းပေါင်း ၂၆၀၀၀ ခန့်သာရရှိခဲ့သဖြင့် အင်းလေးကန် Truth Fund နှင့် အစိုးရကိုပေးသွင်းရန် ကျန်ရှိသည့်ငွေကြေးများကို အခက်အခဲဖြစ်နေခြင်းဖြစ်သည်။ ယခင်နှစ်ကသတ်မှတ် လေလံကြေး ကြမ်းခင်းဈေးနှုန်းမှာ ကျပ်သိန်းပေါင်း နှစ်သောင်း နှစ်ထောင် နှစ်ရာ နှစ်ဆယ် နှစ်သိန်းတိတိဖြစ်ပြီး နိုင်ငံခြားသားတစ်ဦးလျှင် မြန်မာငွေကျပ် ၁၂၀၀၀ ပုံသေကောက်ခံရန် သတ်မှတ်ထားကြောင်း သိရသည်။

ယခင် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ဦးအောင်ကျော်နိုင်က ကျပ်သိန်းပေါင်း ၁၅၂၀၀ ဖြင့် လေလံအောင်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ဦးထက်ထူးနိုင်က ကျပ်သိန်းပေါင်း ၂၂၂၂၂ ဖြင့် လေလံအောင်မြင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ဦးမြတ်မင်းစိုးက ကျပ်သိန်းပေါင်း ၃၀၀၃၃ ဖြင့် လေလံအောင်မြင်ခဲ့ခြင်းဖြစ်ကာ ယခုနှစ် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် အင်းလေးဒေသ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ နေ့ချင်းသွင်းစနစ်ဖြင့် ဈေးနှုန်းမသတ်မှတ်ဘဲ လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent