ရှစ်လေးလုံး ပြည်သူ့ပါတီ အနေဖြင့် ပါတီမှတ်ပုံတင် ကျချိန်နှင့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပချိန်မီပါက ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဦးကိုကိုကြီး ပြောကြား

ရှစ်လေးလုံး ပြည်သူ့ပါတီ အနေဖြင့် ပါတီမှတ်ပုံတင် ကျချိန်နှင့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပချိန်မီပါက ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဦးကိုကိုကြီး ပြောကြား
Published 3 May 2018

ရှစ်လေးလုံး ပြည်သူ့ပါတီအနေဖြင့် ပါတီမှတ်ပုံတင် ကျသည့်အချိန်နှင့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့် အချိန်မီပါက ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ရှစ်လေးလုံး ပြည်သူ့ပါတီ ပထမခေါင်းဆောင်ဦး ကိုကိုကြီးက ပြောကြားသည်။

“အခုကတော့ ကျွန်တော်တို့ ပါတီဝင်အင်အား တစ်ထောင်စာရင်း တင်ပြရမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖွဲ့စည်းတဲ့ပါတီ ဖြစ်တာကြောင့် အင်အား တစ်ထောင်တင်ရမယ်။ နောက် ပါတီမှတ်ပုံတင်ခြင်း ဥပဒေအရလည်းပဲ မှတ်ပုံတင်ကျပြီဆိုရင် အနီးဆုံး ရွေးကောက်ပွဲမှာ သုံးနေရာနဲ့အထက် ကျင်းပသော ရွေးကောက်ပွဲများမှာ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ သုံးနေရာ အနည်းဆုံးဝင်ရမယ်။ ဒါက ဥပဒေအရ မဖြစ်မနေဝင်ရမယ်လို့ သတ်မှတ်ထားတယ်။ အကယ်၍ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲက ဘယ်အချိန်လုပ်မယ်လို့တော့ မသိသေးဘူး။ တကယ်လို့ ပါတီမှတ်ပုံတင် ကျတဲ့အချိန်နဲ့ မီတယ်ဆိုရင်တော့ ဥပဒေအရ အနည်းဆုံး သုံးနေရာ ဝင်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်” ဟု ဦးကိုကိုကြီးက ပြောကြားသည်။

၎င်းတို့ ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့် အစီအစဉ်၊ ရွေးကောက်ပွဲ မဟာဗျူဟာ၊ စည်းရုံးရေး အခြေအနေ စသည်တို့ကို ဆွေးနွေး ညှိနှိုင်းပြီးနောက် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ရှစ်လေးလုံးပါတီ အနေဖြင့် ပါတီ၏ ပထမခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်ကို ပါတီ တည်ထောင်သူများက သဘောတူ ဆုံးဖြတ်ကြောင်း အထောက်အထား၊ ပါတီ၏ အလံ အမှတ်တံဆိပ်၊ ပါတီမူဝါဒ၊ ဖွဲ့စည်းပုံ လုပ်ငန်းစဉ် စသည်တို့ကို မေ ၂ ရက်က နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးသို့ လာရောက် တင်သွင်းစဉ် ဦးကိုကိုကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရှစ်လေးလုံး ပြည်သူ့ပါတီ အမည်ဖြင့် နိုင်ငံရေးပါတီ ထူထောင်ခွင့်ပြုကြောင်း အကြောင်းကြားစာကို ဧပြီ ၂၆ ရက်က ရရှိခဲ့ကြောင်း၊ ထို့အတွက် မေ ၂ ရက်တွင် ပါတီ ပထမခေါင်းဆောင်အဖြစ် ဦးကိုကိုကြီးနှင့် ဒုတိယခေါင်းဆောင်အဖြစ် ဦးရဲနိုင်အောင်တို့အား ပါတီ တည်ထောင်သူ ၁၈ ဦးက သဘောတူကြောင်း အထောက်အထားနှင့် ပါတီ၏အလံ၊ အမှတ်တံဆိပ်၊ မူဝါဒ၊ လုပ်ငန်းစဉ်များအား ကော်မရှင်သို့ လာရောက် တင်သွင်းခဲ့ကြောင်း၊ ကော်မရှင်က စိစစ်ပြီးနောက် လက်ရှိ တည်ဆဲပါတီများ အပါအဝင် ကန့်ကွက်မည့်သူ မရှိပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုကြောင်း ပြန်လည် အကြောင်းကြားမည် ဖြစ်ကြောင်း၊ အကြောင်းကြားသည့် အချိန်မှ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင် အင်အားကို ပြန်လည် တင်ပြရမည် ဖြစ်ကြောင်း သိရသည်။

၎င်းတို့ ပါတီအနေဖြင့် နိုင်ငံ့အရေးများ ဆောင်ရွက်ရာတွင် နိုင်ငံ၏ အကျိုးစီးပွားလုံခြုံရေးတို့ကို ပထမ ဦးစားပေးအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။

“နိုင်ငံ့အရေးဟာ ကျွန်တော်တို့အတွက် ဦးစားပေးပဲ။ ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားတွေဟာ ကျွန်တော်တို့ရဲ့ ဦးစားပေးပဲ။ အဲဒါဟာ ကျွန်တော် ရှင်းရှင်းပြတ်ပြတ်ပဲ ပြောနိုင်တယ်။ ကျွန်တော်တို့ နိုင်ငံရေးပါတီသစ် အနေနဲ့ ကျွန်တော်တို့ နိုင်ငံတော်အတွက် နိုင်ငံသားတွေရဲ့ အကျိုးစီးပွား၊ လုံခြုံရေးတွေအတွက် ထိပ်တန်းတစ်ခုတည်းသော ဦးစားပေးပဲ။ ကျန်တဲ့ဟာကတော့ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေကို အတတ်နိုင်ဆုံး ဂရုစိုက်ပြီး ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ဆောင်ရွက်သွားမှာပါ” ဟု ဦးကိုကိုကြီးက ပြောကြားသည်။

Most Read

Most Recent