ရခိုင်ပြည်နယ်အတွင်း ဆားအထွက်နည်းသဖြင့် တခြားပြည်နယ်မှဆားများ တင်သွင်းရမည့် အနေအထားတွင်ရှိနေကြောင်း လုပ်ငန်းရှင်များ သုံးသပ်

ရခိုင်ပြည်နယ်အတွင်း ဆားအထွက်နည်းသဖြင့် တခြားပြည်နယ်မှဆားများ တင်သွင်းရမည့် အနေအထားတွင်ရှိနေကြောင်း လုပ်ငန်းရှင်များ သုံးသပ်
Published 3 May 2018

ကျောက်ဖြူမြို့နယ်မှ ရေနစ်သွားသော ဆားကွင်းတစ်ခုကို တွေ့ရစဉ်

ရခိုင်ပြည်နယ်အတွင်း ဆားအထွက် နည်းသဖြင့် မိုးရာသီအတွင်း တခြားပြည်နယ်မှ ဆားများတင်သွင်းရမည့် အနေထားတွင်ရှိနေကြောင်း လုပ်ငန်းရှင်များ သုံးသပ်ပြောဆို ကြသည်။

ရခိုင်ပြည်နယ်အတွင်း မြို့နယ်အချို့တွင် နေလှမ်းဆားထုတ်လုပ်မှုများ လုပ်ကိုင်ကြသော်လည်း ယခုနှစ်တွင် ဆားထုတ်လုပ်သူ နည်းပါးခြင်း၊ ဝယ်ယူစုဆောင်းသူများကလည်း ဝယ်ယူသိုလောင်ခြင်း နည်းပါးခြင်းတို့ အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်မှ ဆားများကို ဝယ်ယူခြင်းမရှိသည် မှာလည်း ဆားလုပ်ငန်းကျဆင်းစေသည့် အဓိကအကြောင်းရင်းများဖြစ်ကြောင်းလည်း သိရသည်။

“ရခိုင်က ဆားထွက်ရှိမှုကတော့ အရင်နှစ်တွေကထက် နည်းတယ်။ အဓိကတော့ ထုတ်လုပ်သူနည်းပါးသလို ဈေးကွက်ကလည်း အနီးဆုံးဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ကိုလည်း မထွက်ဘူး။ နောက်တစ်ဖက်မှာက  ဆားထုတ်လုပ်တဲ့ ဆားတောင်သူတွေမှာ အရင်းအနှီးမရှိကြဘူး။ လုပ်ငန်းရှင်တွေကလည်း ငွေကြေးထုတ်ပေးတာမျိုးမရှိဘူး။ ဝယ်ယူစုဆောင်းသူတွေကလည်း မရှိသလောက်ဖြစ်နေတော့ ဈေးကွက်ကအေးနေတယ်ဆိုတော့ ကိုယ့်ပြည်နယ်အတွင်းက ထွက်တဲ့ဆားတွေဟာ ပြည်နယ်တွင်းစားသုံးဖို့တောင် မလုံလောက်နိုင်ဘူးလို့ မြင်ပါတယ်” ဟုလည်း ဆားလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးသန်းဝင်းက ပြောကြားသည်။

ယခင်က ရခိုင်ပြည်နယ်အတွင်းမှ ဆားတန်ချိန်အမြောက်အများကို ဘင်္ဂလားဒေ့ရှ်ဘက်မှ ဝယ်ယူခဲ့သော်လည်း ၂၀၀၄ ခုနှစ်က စတင်ပြီး ရခိုင်ပြည်နယ်မှ ဆားတင်သွင်းခြင်းကို ဘင်္ဂလားဒေ့ရှ်ကုန်သည်များက ရပ်ဆိုင်းလိုက်ကာ အိန္ဒိယမှဆားများကိုသာ အဓိက တင်သွင်းလေ့ရှိသဖြင့် ဆားလုပ်ငန်း ကျဆင်းသွားရခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနှစ်ထဲမှာ ဧရာဝတီတိုင်းမှာလည်း ဆားထွက်တာ ရာခိုင်နှုန်း ၃၀ လောက်လျော့တယ်လို့ သိရတယ်။ မိုးကြောင့်ပေါ့၊ ရခိုင်မှာလည်း မိုးနည်းနည်းမိတယ်။ ဒါပေမဲ့ အများကြီးတော့ မပျက်စီးဘူးလို့ သိရတယ်။ လောလောဆယ်တော့ မိုးမရွာလို့ ဆားထုတ်လုပ်နေဆဲ ဖြစ်ပါတယ်။ အစိုးရကလည်း ပံ့ပိုးကူညီမှု မရှိ၊ ဈေးကွက်လည်း မရှာနိုင်ဆိုတော့ ရခိုင်ဆားလုပ်ငန်းက ပျက်စီးသွားမယ့်အခြေအနေမှာ ရှိပါတယ်” ဟုလည်း ဦးသန်းဝင်းက ပြောကြားသည်။

နေလှန်းဆားလုပ်ငန်းများ လုပ်ကိုင်ရာတွင် ရင်းနှီးမြှုပ်နှံကုန်ကျမှုပမာဏမှာ တစ်ဧကထုတ်လုပ်ရန် ကုန်ကျစရိတ်အားဖြင့် ကျပ်သုံးသိန်းထိရှိပြီး တစ်ဧက ဆားထွက်နှုန်းမှာ ပိဿာချိန် ၁၆၀၀၀ ကျော်ခန့်ရှိကြောင်း နှင့် လက်ရှိ ရခိုင်တွင် ဆားတစ်ပိသာလျှင် ကျပ် ၁၂၀ ကျော် ပေါက်ဈေးရှိကြောင်း သိရသည်။

ရခိုင်ဒေသသည် ကမ်းရိုးတန်းဒေသ တစ်ခုဖြစ်သဖြင့် နေလှန်းဆားလုပ်ငန်းကို  ကောင်းစွာ လုပ်ကိုင်နိုင်ကြောင်း၊ ကျောက်ဖြူမြို့နယ်တွင်၂၀၁၂-၂၀၁၃ ခုနှစ်အတွင်း ဆားကွင်းလုပ်ကွက် ၁၀၉ ခု၊ ဧကပေါင်း ၁၀၆၅ ဧက လုပ်ကိုင်ခဲ့ပြီး ဆားကြမ်းတန်ချိန် ၁၂၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့သော်လည်း ယခုနှစ်ပိုင်းတွင် အနည်းငယ်သာ လုပ်ကိုင်ကြတော့သည်။

Most Read

Most Recent