တပ်မတော်နှင့် KIA တို့၏တိုက်ပွဲများကြောင့် ဧပြီလအတွင်း နေရပ်စွန့်ခွာတိမ်းရှောင်သူ ၃၀၀၀ ကျော် ရှိလာ

တပ်မတော်နှင့် KIA တို့၏တိုက်ပွဲများကြောင့် ဧပြီလအတွင်း နေရပ်စွန့်ခွာတိမ်းရှောင်သူ ၃၀၀၀ ကျော် ရှိလာ
Published 3 May 2018

ဧပြီ ၂၅ ရက် ညနေပိုင်းက မြစ်ဆုံ တန်ဖဲကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် အင်ဂျန်းယန်မြို့နယ်ရှိ ကျေးရွာအချို့မှ ဒေသခံများအား တွေ့ရစဉ် (ဓာတ်ပုံ-မုန်ဆန်အောင်)

ကချင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဧပြီလအတွင်း တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တို့၏ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်သူ ၃၀၀၀ ကျော်ရှိလာကြောင်း အစိုးရ၏ စာရင်းများအရ သိရသည်။

အစိုးရ၏ မေ ၁ ရက်စာရင်းအရ မြစ်ကြီးနားမြို့နယ် တီယန်ဇွတ် နှစ်ခြင်းအသင်းတော်တွင် ၁၃၀၊ တန်ဖဲ RC ဘုရားကျောင်းတွင် ၁၀၀၂ ဦး၊ နောင်နန်း ထရီနတီဘုရားကျောင်းတွင် ၅၁၃ ဦး၊ နမ္မတီးမြို့တွင် ၁၇၃ ဦး၊ ကံလှကျေးရွာတွင် ၈၁ ဦး၊ အောင်လောဒ် ကျေးရွာမှ ၁၃၆ ဦး၊ နမ္မတီးလမ်းဆုံ ဘုရားကျောင်းနှစ်ခုတွင် ၁၀၄၃ ဦးရှိနေကြောင်း၊ စုစုပေါင်း ၃၀၇၈ ဦးရှိကြောင်း သိရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၏ ကိုယ်ရေးအရာရှိဖြစ်သူ ဦးနော်နော်က “အစိုးရအဖွဲ့ကတော့ ကူညီမှုတွေ ဆက်တိုက်လုပ်နေပါတယ်။ တစ်ဖွဲ့တည်းတော့ မဟုတ်ပါဘူး။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနကတော့ လူတစ်ဦးကို ကျပ် ၂၁၀၀ နှုန်းနဲ့ ပေးတာပေါ့။ ဆန်အိတ်က ၁၁၇၈ အိတ်ပါ။ အခြား ခေါက်ဆွဲဖာ ဒါတွေကတော့ အစိုးရအဖွဲ့နဲ့ဆက်စပ်တဲ့ ကျန်းမာရေး၊ မီးသတ်၊ နတလ (နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန) အဖွဲ့တွေက ကူညီတာပါ။ တခြားကူညီမှုတွေလည်း ရှိနေပါသေးတယ်။ အရင်ကတည်းက နေရပ်ရွှေ့ပြောင်းတွေက လေးသောင်းကျော်လောက်က ရှိနေပါတယ်။ ပိတ်မိနေသူအရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအုပ်ချုပ်ရေး၊ တပ်ပိုင်းဆိုင်ရာနဲ့တွေ့ပြီး မေးမြန်းနေတာရှိပါတယ်။ ပိတ်မိနေတယ်လို့ တိတိကျကျအဖြေရတာတော့ မရှိဘူး။ မရှိဘူးဆိုတဲ့ အဖြေပဲရတယ်။ အင်ဂျန်း ယန်ဘက်ကနေ ဂွေထော်ကိုကူးပြီး ပိတ်မိနေတယ်လို့ ဖြစ်တဲ့အခြေအနေလည်း တင်ပြလာတဲ့အချက်ကို ညှိနှိုင်းဆွေးနွေးပြီး အားလုံးအဆင်ပြေပြီး တန်ဖဲကျေးရွာဘက်ကို ရောက်ရှိနေပါတယ်။ မန်ဝယ် (လိုင်နောင်းခူး)ကျေးရွာက အရင်က ရွာက ထွက်ပြေးတယ်။ အခု ရွာထဲပြန်ရောက်ပါပြီ။ ပိတ်မိနေတဲ့အနေအထား မဟုတ်ပါဘူး။ တိုက်ပွဲတွေလည်း ထပ်ဖြစ်တယ်လို့ မကြားမိပါဘူး။ အောင်လောဒ်ကျေးရွာအနေကတော့ အစိုးရဘက်က အကူအညီတွေလည်းသွားတယ်လို့ သိရပါတယ်။ ထောက်ပံ့ခဲ့တာလည်း ရှိပါတယ်။ နတလကလည်း လမ်းဖောက်ပြီး သက်ဆိုင်ရာဖွံ့ဖြိုးရေးတွေ လုပ်ဖို့ရှိနေပါတယ်။ ဆန္ဒပြနေတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းနဲ့ညီရင် သင့်တော်သလိုခွင့်ပြုဖို့ ဆုံးဖြတ်ပြီးသားလို့ သိရပါတယ်။ ကချင်ပြည်နယ် ဝန်ကြီးချုပ်လည်း ခရီးလွန်နေလို့ ပြန်ရောက်တာနဲ့ စစ်ရှောင်တွေကို သွားရောက်တွေ့ဆုံဖို့ စီစဉ်နေပါတယ်” ဟု ပြောကြားသည်။

ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ ရွှေ့ပြောင်းဒုက္ခသည်များဆိုင်ရာ ကော်မတီမှ ဦးခါးလီက လတ်တလောတွင် အစိုးရဘက်သို့ ရောက်ရှိလာသူ ၃၀၀၀ ဝန်းကျင်ရှိနေပြီး အင်းဂျန်းယန် ၁၆ မိုင် ဘုန်းတော်ကြီးကျောင်း တွင် လူ ၅၀၀ ဝန်းကျင်၊ တနိုင်းအောင်လောဒ်တွင် လူ ၂၀၀၀ ခန့်၊ မန်ဝယ် (လိုင်းနောင်ခူး) ကျေးရွာတွင် လူ ၁၆၀ ခန့် ပိတ်မိနေကြောင်း တပ်မတော်နှင့် အစိုးရအဖွဲ့ အကူအညီမှလွဲ၍ သွားခွင့်မရကြောင်း ပြောကြားသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က “ကျွန်တော်ကတော့ နေပြည်တော် အစည်းအဝေး ရောက်နေတယ်။ အစိုးရနဲ့ တပ်မတော်ပူးပေါင်းပြီး ကူညီမှုတွေ လုပ်နေပါတယ်။ တနိုင်းအောင်လောဒ်ဘက်ကို အကူအညီအဖွဲ့တွေ သွားတယ်။ ကျေးရွာသားတွေက ထွက်ပြီးမတွေ့တဲ့ အခြေအနေမျိုးဖြစ်ခဲ့တာလည်း မှန်ပါတယ်။ တချို့လည်း ရွာထဲပြန်နေတာမျိုး ကူညီနိုင်လိုက်တဲ့ သူတွေလည်း ရှိပါတယ်။ မန်ဝယ် (လိုင်နောင်းခူး) ဘက်ဆိုရင်လည်း တစ်လစာရိက္ခာ အပြည့်အဝရရှိပြီး လိုအပ်တာတွေလည်း ထပ်ပြီးကူညီဖို့ အစိုးရနဲ့ညှိနှိုင်းပြီး လုပ်ဆောင်နေတာတွေ ရှိနေပါတယ်။ ကျွန်တော်တို့ကတော့ လက်ရှိအချိန်မှာ ရွာသားတွေကို ဖမ်းဆီးထိန်းသိမ်းပြီး မေးမြန်းစစ်ဆေးတာမျိုးတော့ အခုအချိန်အထိ မကြားရပါဘူး။ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်မျိုးကတော့အားလုံးတော့ ကျွန်တော်တို့ မသိဘူးပေါ့” ဟု ပြောကြားသည်။

တပ်မတော်နှင့် KIA တို့ ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး လူပေါင်း တစ်သိန်းဝန်းကျင် ထွက်ပြေးခဲ့ပြီးနောက်ပိုင်း ယခုတစ်ကြိမ်သည် အများဆုံးအဖြစ် ၂၀၁၈ ခုနှစ် ဧပြီတွင် တနိုင်းမြို့နယ်၊ ဖားကန့်မြို့နယ်၊ အင်ဂျန်းယန်မြို့နယ်နှင့် မိုးကောင်းမြို့နယ်တို့တွင် ပစ်ခတ်မှုများကြောင့် လူပေါင်း ၃၀၀၀ ကျော် နေရပ်စွန့်ခွာရခြင်း ဖြစ်သည်။

အင်ဂျန်းယန်မြို့နယ် မဲဆန္ဒနယ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုနော်က “ကျွန်တော့်မဲဆန္ဒနယ်မှာ တိုက်ပွဲဖြစ်လို့ ထွက်ပြေးတာ လူပေါင်း ၁၀၀၀ ကျော်မယ်။ အခုလည်း အစုအစုထွက်နေကြတုန်း။ မနေ့နဲ့ ဒီနေ့ ပစ်ကြတာမရှိဘူး။ လွန်ခဲ့တဲ့ သုံးရက်ကတော့ ပစ်ကြတယ်။ ကျွန်တော်ရောက်နေတဲ့ အင်ဂျန်းယန်နဲ့ ၁၀ မိုင်လောက် ဝေးမယ်။ ကျွန်တော်တို့ကတော့ အစိုးရအဖွဲ့မှာ ညှိနေ တာရှိတယ်။ မိုးကျတော့မယ်။ တောင်ယာတွေ က ခုတ်ထားပြီ။ ဒီလကုန်စိုက်ရမှာပဲ။ မစိုက်ရရင် ဒုက္ခတွေ ဒီထက်ရောက်ကုန်မယ်” ဟု ပြောကြားသည်။

တပ်မတော်နှင့် KIA တို့ တနိုင်းဒေသတွင် တရားမဝင် ရွှေမှော်၊ ပယင်းမှော်များကို အကြောင်းပြု၍ ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်မှာ ၂၀၁၇ ခုနှစ် ဇွန်လဆန်းပိုင်းမှ ၂၀၁၈ ခုနှစ် ဧပြီလအထိ ၁၀ လနီးပါး ကြာမြင့်ပြီ ဖြစ်သည်။

၂၀၁၈ ခုနှစ် ဧပြီ ဒုတိယပတ်မှစတင်ကာ ဖားကန့်လမ်းကြောင်းတွင် တပ်မတော်နှင့် KIA တို့ ပြင်းထန်သော ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး တပ်မတော်က KIA ရင်း (၁၄)၊ တပ်မဟာ (၂)၊ ရင်း (၁၁) အခြေစိုက် စခန်းနှင့်နယ်မြေများကို သိမ်းပိုက်ခဲ့သည်။

ထို့ပြင် ဧပြီလတတိယအပတ်တွင် အင်ဂျန်းယန်မြို့နယ်အတွင်း နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးလူ ၁၀၀၀ ကျော်မှာ မြစ်ဆုံဒေသသို့ ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း ပိတ်မိနေသူများ ကယ်ဆယ်ရေးအတွက် ဧပြီ ၃၀ ရက်တွင် ကချင်တိုင်းရင်းသားများ လမ်းလျှောက်ဆန္ဒဖော် ထုတ်ခဲ့ကြသည့်အပြင် ကချင်တိုင်းရင်းသား လူငယ်များက မြစ်ကြီးနားမြို့တွင် ထိုင်သပိတ်စခန်း ဖွင့်လှစ်ရန်ပြုလုပ်သဖြင့် အစိုးရအဖွဲ့က တားမြစ်မှုများပြုလုပ်ခဲ့ပြီး လက်ရှိတွင် မနောကွင်း၌ လူငယ်များစုပေါင်းကာ ဆုတောင်းမှုများ ပြုလုပ်လျက်ရှိသည်။

Most Read

Most Recent