ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများရပ်တန့်ပေးရန်နှင့် စစ်ဘေးရှောင်ပြည်သူများအတွက် အလှူငွေကောက်ခံခြင်းများ ပြုလုပ်

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများရပ်တန့်ပေးရန်နှင့် စစ်ဘေးရှောင်ပြည်သူများအတွက် အလှူငွေကောက်ခံခြင်းများ ပြုလုပ်
Published 3 May 2018

ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသော စစ်ပွဲများရပ်တန့်ပေးရန်နှင့် စစ်ဘေးရှောင် ပြည်သူများအတွက် အလှူငွေကောက်ခံခြင်းကို မေ၂ ရက် ညနေ ၅ နာရီက ရန်ကုန်မြို့ရှိ လှည်းတန်းစင်တာရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလှုပ်ရှားမှုကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နှင့် လူ့ဘောင်သစ်လူငယ်အဖွဲ့များက ဦးဆောင်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

“မြန်မာပြည်မြောက်ပိုင်း စစ်ပွဲအတွင်းမှာ ပိတ်မိနေတဲ့ ကချင်လူထုကို တိုက်ပွဲအတွင်းက လွတ်မြောက်ဖို့အတွက် တောင်းဆိုတာ ဖြစ်ပါတယ်။ အလှူခံတာလည်း ဖြစ်ပါတယ်။ နောက်ပြီး တိုက်ပွဲအတွင်းပိတ်မိနေတဲ့ ကချင်လူထုလွတ်မြောက်ဖို့ ကချင်လူငယ်တွေက တောင်းဆိုနေတာတွေ ရှိတယ်။ သူတို့နဲ့ တစ်သားတည်းရပ်တည်တယ်ဆိုတာကို ဖော်ပြတာဖြစ်ပါတယ်” ဟု ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ အထွေထွေအတွင်းရေမှူး ကိုကောင်းထက်ကျော်က ပြောကြားသည်။

ထိုလှုပ်ရှားမှုကို လှည်းတန်းစင်တာရှေ့တွင် စတင်ခဲ့ပြီး ဟောပြောခြင်းများပြုလုပ်ကာ စစ်ဘေးရှောင်ပြည်သူများအတွက် အလှူငွေများကောက်ခံခဲ့ကြောင်း သိရသည်။ ထို့နောက် လှည်းတန်းစင်တာရှေ့မှ စတင်၍ လှည်းတန်းဈေးနှင့် ဦးထွန်းလင်းခြံလမ်းများအတွင်း လှည့်လည်အလှူခံခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“စစ်ဘေးသင့်ပြည်သူတွေကို ကူညီဖို့အတွက် အခုလို ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ စစ်ဘေးသင့်ပြည်သူတွေထဲမှာ ကလေးတွေ၊ မိခင်တွေ၊ ကိုယ်ဝန်ဆောင်သည်တွေ၊ သက်ကြီးရွယ်အိုတွေပါပါတယ်။ သူတို့တွေ အစာရေစာပြတ်လပ်မှုတွေ တောက်လျှောက် ကြုံတွေ့နေရတယ်။ အခုချိန်ထိလွတ်မြောက်ခွင့် မရသေးပါဘူး။ သူတို့လွတ်မြောက်ဖို့နဲ့ သူတို့ကိုကူညီဖို့ ကျွန်တော်တို့အခုလိုပြုလုပ်ရခြင်း ဖြစ်ပါတယ်” ဟု လူ့ဘောင်သစ်လူငယ် ဗဟိုကော်မတီဝင် ကိုမျိုးဆော့က ပြောကြားသည်။

ဗကသများအဖွဲ့ချုပ်နှင့် လူ့ဘောင်သစ်လူငယ်မှ ဦးဆောင်ပြုလုပ်သည့်  ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသော စစ်ပွဲများရပ်တန့်ပေးရန်နှင့် စစ်ဘေးရှောင် ပြည်သူများအတွက် အလှူငွေကောက်ခံခြင်း လှုပ်ရှားမှုအား အရပ်ဘက် အဖွဲ့အစည်းများမှ ဝန်းရံကူညီခဲ့ကြောင်း သိရသည်။

အလှူငွေကောက်ခံ ခြင်းများအပြီးတွင် လှည်းတန်းစင်တာရှေ့၌ ဟောပြောခြင်းများ၊ ငြိမ်းချမ်းရေးတေးသီချင်း သီဆိုခြင်းများ ပြု လုပ်ကာ လှုပ်ရှားမှုပြီးဆုံးခဲ့ကြောင်း သိရသည်။

Most Read

Most Recent