ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် မုတ္တမကွေ့သို့ ဝင်ရောက်ခဲ့ပြီး ၎င်းအရှိန်ကြောင့် မွန်၊ ကရင်နှင့် တနင်္သာရီတို့တွင် မိုးများမည်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် မုတ္တမကွေ့သို့ ဝင်ရောက်ခဲ့ပြီး ၎င်းအရှိန်ကြောင့် မွန်၊ ကရင်နှင့် တနင်္သာရီတို့တွင် မိုးများမည်
Published 3 May 2018

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် မုတ္တမကွေ့သို့ ဝင်ရောက်ခဲ့ပြီး ၎င်းအရှိန်ကြောင့် မွန်နှင့် ကရင်ပြည်နယ်တို့တွင် မိုးများမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

“လေဖိအားနည်းရပ်ဝန်းက တဖြည်းဖြည်း အားလျော့သွားပြီ။ လေဖိအားနည်းရပ်ဝန်းကြောင့် မွန်၊ ကရင်၊ တနင်္သာရီတို့မှာ နောက်နှစ်ရက်လောက်ထိ မိုးရဦးမယ်။ ရန်ကုန်တို့ ဧရာဝတီတို့ကတော့ မိုးရွာပေမယ့် မွန်၊ ကရင်၊ တနင်္သာရီတို့လောက်တော့ မိုးမများနိုင်ဘူး။ မုတ္တမကွေ့ကိုပဲ ဝင်ရောက်မှာ ဖြစ်တယ်။ မုန်တိုင်းမဖြစ်တော့ဘူး” ဟု ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ မေ ၂ ရက် ထုတ်ပြန်ချက်တွင် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ချင်း ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ကာ မှတ်သားဖွယ်ရာ မိုးရေချိန်များအနေဖြင့် နေပြည်တော် (ဇေယျာသီရိမြို့နယ်) တွင် ၃ ဒသမ ၈၂ လက်မ၊  ပျဉ်းမနားမြို့တွင် ၃ ဒသမ ၇၈ လက်မ၊ ပေါင်မြို့တွင် ၃ ဒသမ ၀၇ လက်မ၊ နေပြည်တော်လေဆိပ် (ဧလာ) တွင်  ၃ ဒသမ ၀၃ လက်မ၊ မော်လမြိုင်မြို့တွင် ၁ ဒသမ ၉၇ လက်မ၊ နေပြည်တော် (ဇမ္ဗူသီရိ မြို့နယ်) တွင် ၁ ဒသမ ၈၉ လက်မ၊ ရေးမြို့တွင် ၁ ဒသမ ၈၅ လက်မ၊ ကျိုက္ခမီမြို့တွင် ၁ ဒသမ ၇၇ လက်မ၊ လယ်ဝေးမြို့နှင့် နေပြည်တော် (ဥတ္တရသီရိမြို့နယ်) တို့တွင် ၁ ဒသမ ၆၅ လက်မစီ ရွာသွန်းခဲ့ကြောင်း သိရသည်။

မေ ၃ ရက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မန္တလေး တိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး မွန်ပြည်နယ်တွင် ဒေသအလိုက် နှင့် ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့် ရှိမည်ဖြစ်ကြောင်း၊ လှိုင်းအမြင့်သည် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရှစ်ပေမှ  ၁၀ ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် လေးပေမှ ခြောက်ပေခန့် ရှိနိုင်ကြောင်း သိရသည်။

Most Read

Most Recent