လယ်ယာကဏ္ဍနှင့် လယ်ယာကိုအခြေခံသော စီးပွားရေးကဏ္ဍ လုပ်ငန်းဆောင်ရွက်သည့် တောင်သူများသို့ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေများ ထုတ်ချေးလျက်ရှိ

လယ်ယာကဏ္ဍနှင့် လယ်ယာကိုအခြေခံသော စီးပွားရေးကဏ္ဍ လုပ်ငန်းဆောင်ရွက်သည့် တောင်သူများသို့ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေများ ထုတ်ချေးလျက်ရှိ
Published 3 May 2018

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လယ်ယာလုပ်ငန်းခွင်တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)

တောင်သူများအတွက် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ (Two Step Loan) ချေးငွေအဖြစ် လယ်ယာကဏ္ဍနှင့် လယ်ယာကိုအခြေခံသော စီးပွားရေးကဏ္ဍ လုပ်ငန်းဆောင်ရွက်သည့် တောင်သူများသို့ နှစ်တိုနှစ်ရှည်ချေးငွေများကို ပြည်နယ်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အလိုက် လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများမှ ချေးငွေစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ထုတ်ချေးပေးလျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ၏ ရာခိုင်နှုန်း  ၃၀ ခန့်ကို လယ်ယာကဏ္ဍမှ ရရှိသော်လည်း တောင်သူလယ်သမားအများစုမှာ လူမှုစီးပွား နိမ့်ကျနေသဖြင့် လယ်ယာထွက်ကုန်သီးနှံများကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချသည့် စနစ်ဖြစ်သော နိုင်ငံတကာဈေးကွက်များ ပေါ်ပေါက်လာရေးအတွက် စနစ်တကျ စီမံဆောင်ရွက်နေပြီဖြစ်ကြောင်း ၂၀၁၈ ခုနှစ် မတ် ၂ ရက်တွင်ကျရောက်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ယခင်နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့သည့်သဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။

ယင်းကဲ့သို့ တောင်သူလယ်သမားများ လူမှုဘဝစီးပွားရေး နိမ့်ကျနေမှုများကို မြှင့်တင်ပေးနိုင်ရန်အတွက် ရည်မှန်းချက် ၁၁ ခုကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် မူဝါဒ ၁၀ ချက်ကို အခြေခံပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ထုတ်လုပ်မှု စွမ်းအားမြင့်မားခြင်းနှင့်အတူ လုပ်ကွက်ငယ် တောင်သူလယ်သမားများ၏ ဝင်ငွေပါ တိုးတက်လာစေခြင်း၊ စားသုံးသူအတွက် ဘေးအန္တရာယ်ကင်း၍ အဟာရပြည့်ဝသော စားနပ်ရိက္ခာ ထုတ်လုပ်နိုင်ခြင်း၊ လယ်ယာစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းနှင့်အတူ နိုင်ငံတကာဈေးကွက်နှင့် ချိတ်ဆက်၍ လယ်ယာထွက်ကုန်များ ပြည်ပသို့ပိုမိုတင်ပို့နိုင်ခြင်း၊ ကျေးလက်ဒေသ လူမှုစီးပွားရေးဘ၀ တိုးတက်လာခြင်းတို့ကို စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် လာမည့်နှစ်အနည်းအငယ်အတွင်း တိုးပွားလာမည့် လူဦးရေအတွက် နိုင်ငံ၏ စားနပ်ရိက္ခာလုံခြုံစိတ်ချရရုံသာမက နိုင်ငံတကာဈေးကွက်သို့ ပိုမိုတိုးတက် တင်ပို့ရောင်းချနိုင်ရေး ရည်မှန်းချက်ဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့် အားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုက်ပျိုးရေးထွက်ကုန်များ ဈေးကောင်း ရရှိရေးနှင့် အခြေခံစိုက်ပျိုးထုတ်လုပ်ကြသည့် တောင်သူလယ်သမားများ ဝင်ငွေတိုးတက်ရရှိစေရန် နိုင်ငံတကာဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့နိုင်ရန် နိုင်ငံတကာအဆင့်မြင့် ဆန်စက်နှင့် ဆီစက်များ၊ သစ်သီးဝလံ အဆင့်မြင့်သန့်စင်စက်နှင့် ခေတ်မီထုပ်ပိုး စက်များဖြင့် ထုတ်လုပ်တင်ပို့ရောင်းချနိုင်ရေး လုပ်ငန်းစဉ်ကိုလည်း အားပေးမြှင့်တင်  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လယ်ယာကဏ္ဍမူဝါဒနှင့် လုပ်ငန်းစဉ်များအရ ပြောင်းလဲလာသည့်ဈေးကွက်နှင့်အညီ ဒေသအလိုက် ရေမြေ၊ ရာသီဥတုတို့နှင့် ကိုက်ညီသည့် အမယ်စုံလင်သော လယ်ယာ၊ သားငါးထွက်ကုန်များ ထုတ်လုပ်မှုပုံစံ  တိုးမြှင့်လာစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

ဒုတိယကာလတို ငါးနှစ်၊ လယ်ယာကဏ္ဍမူဝါဒနှင့် လုပ်ငန်းစဉ်များ၏ မျှော်မှန်းချက်အရ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ရေရှည်တည်တံ့သော လယ်ယာကုန်ထုတ်လုပ်မှုစနစ် ထွန်းကားစေခြင်းဖြင့် စားနပ်ရိက္ခာဖူလုံ၍ အာဟာရပြည့်စေပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ မြင့်မားလာစေရန်နှင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။