ဘင်္ဂါလီတို့ကို ဖိနှိပ်မှုစွပ်စွဲချက်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံက မှန်မှန်ကန်ကန်စုံစမ်းစစ်ဆေးပေးရမည်ဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့ ပြောကြား

ဘင်္ဂါလီတို့ကို ဖိနှိပ်မှုစွပ်စွဲချက်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံက မှန်မှန်ကန်ကန်စုံစမ်းစစ်ဆေးပေးရမည်ဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့ ပြောကြား
Published 2 May 2018

မေ ၁ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်)

ဘင်္ဂါလီတို့ကို ဖိနှိပ်မှုစွပ်စွဲချက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံက မှန်မှန်ကန်ကန် စုံစမ်းစစ်ဆေးပေးရမည်ဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့က မေ ၁ ရက်တွင် နေပြည်တော်၌ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် နယ်မြေရှင်းလင်းမှု စစ်ဆေးရေးများအတွင်း မြန်မာ့တပ်မတော်သည် ဘင်္ဂါလီတို့ကို ပစ်မှတ်ထားသော စနစ်တကျ မုဒိမ်းကျင့်မှုများ၊ လူသတ်မှုများ၊ ရွာမီးရှို့မှုများ ဆောင်ရွက်ခဲ့သည်ဟု ဒုက္ခသည်များ နှင့် လူ့အခွင့်အရေးအဖွဲ့များက ပြောကြားထားသည်။

ယမန်နှစ် သြဂုတ်က ဖြစ်ပွားခဲ့သော ယင်းပဋိပက္ခကြောင့် ဘင်္ဂါလီအမြောက်အမြားသည် ဘင်္ဂလားဒေ့ရှ်သို့ အစုအပြုံလိုက် ထွက်ပြေးခဲ့ကြသည်။

မြန်မာနိုင်ငံသို့ နှစ်ရက်ကြာခရီးစဉ်တွင် ကုလသမဂ္ဂကိုယ်စားလှယ်များသည် ရခိုင် ပြည်နယ်သို့ သွားရောက်ခဲ့သည်။ ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့်လည်း တွေ့ဆုံခဲ့သည်။

“တာဝန်ခံမှုရှိဖို့ဆိုရင် မှန်မှန်ကန်ကန် စုံစမ်းစစ်ဆေးမှုရှိရပါမယ်” ဟု ဗြိတိန်၏ ကုလသမဂ္ဂဆိုင်ရာသံအမတ်ကြီး ကာရင်ပီယာ့စ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

အပြည့်အ၀ စုံစမ်းစစ်ဆေးမှု ဆောင်ရွက်နိုင်ရန် နည်းလမ်းနှစ်ခုရှိကြောင်း၊ တစ်ခုသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးသို့ လွှဲပြောင်းပေးမှုဖြစ်ပြီး အခြားနည်းလမ်းတစ်ခုမှာ မြန်မာအစိုးရက ကိုယ်တိုင် ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း ပီယာ့စ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) ၏ အဖွဲ့ဝင် မဟုတ်ပေ။ ICC ၏ ရှေ့နေချုပ်က ခုံရုံး၏ တရားစီရင်ရေးကို မြန်မာနိုင်ငံအတွက် ချဲ့ထွင်နိုင်ခြင်း ရှိ မရှိ စဉ်းစားရန် ICC တရားသူကြီးများအား ပြီးခဲ့သည့်လတွင် တောင်းဆိုခဲ့သည်။

မှန်မှန်ကန်ကန်စုံစမ်းစစ်ဆေးပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ကတိပေးခဲ့ကြောင်း ပီယာ့စ်က ပြောကြားခဲ့သည်။

“ပြည်တွင်းကပဲဖြစ်ဖြစ်၊ အပြည်ပြည်ဆိုင်ရာကပဲဖြစ်ဖြစ် ဘယ်လိုစုံစမ်းစစ်ဆေးမှုဖြစ်ဖြစ် ယုံကြည်စိတ်ချရမှုရှိဖို့ပဲ အရေးကြီးပါတယ်”ဟု ပီယာ့စ်က ထပ်မံပြောကြားခဲ့သည်။

Most Read

Most Recent