<

အေးရှားဝေါလ် ဖောင်ဒေးရှင်းနှင့် မိတ်ဖက်ကုမ္ပဏီ ၂၀ က ကျပ် ၂၂ ဘီလျံကျော် အသုံးပြု ဖောက်လုပ်ခဲ့သည့် အငူမော် – မောင်တောလမ်းမှ အငူမော် – ကိုးတန်ကောက်လမ်းပိုင်း ဖွင့်လှစ်

မေ ၁ ရက်က ဖွင့်လှစ်လိုက်သည့် အငူမော်- မောင်တော ကွန်ကရစ်လမ်းမကြီးမှ အငူမော်- ကိုးတန်ကောက်လမ်းပိုင်း တစ်နေရာကို တွေ့ရစဉ်

Asia World ဖောင်ဒေးရှင်းနှင့် မိတ်ဖက်ကုမ္ပဏီ ၂၀ တို့က ကျပ် ၂၂ ဘီလျံကျော် အကုန်အကျခံ ဖောက်လုပ်ထားသည့် အငူမော်- မောင်တော ကွန်ကရစ်လမ်းမကြီးမှ အငူမော်- ကိုးတန်ကောက် လမ်းပိုင်း (၂၁ ကီလိုမီတာ) အား မေ ၁ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် အတွင်းရှိ စီပွားရေး၊ လူမှုရေး ကဏ္ဍများအတွက် အရေးပါသောလမ်း တစ်ခုဖြစ်သည့် အငူမော်- မောင်တော ကွန်ကရစ်လမ်းကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၃၀ ရက်မှစတင်ကာ ဆောက်လုပ်လျက်ရှိပြီး ၂၀ ကီလိုမီတာကျော်ခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

Asia World ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးထွန်းမြင့်နိုင်က “ဘင်္ဂလားပင်လယ်နဲ့ မျက်နှာချင်းဆိုင်မှာ ဒီလမ်းကိုဖောက်တယ်။ တကယ်လုပ်ရင် တကယ်ဖြစ်တယ်။ အငူမော်ကနေ မောင်တောအထိ ကွန်ကရစ်လမ်း ဆက်လက်ဖောက်လုပ်ပေးမယ် ဆိုတာကိုလည်း ပြောလိုပါတယ်။ ဒီဒေသ ဖွံ့ဖြိုးရေးအတွက် ထဲထဲဝင်ဝင် လုပ်ပေးခွင့်ရတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ နောက်ပြီး ပြည်နယ်အစိုးရ အပါအ၀င် အားလုံးနဲ့ညှိနှိုင်းပြီး ဒေသစီးပွားရေး ဖွံ့ဖြိုးအောင်လည်း ကြိုးစားသွားပါမယ်။ ဒီဒေသက မြေဆီသြဇာကောင်းတယ်။ ပင်လယ်ပြင်ကြီးရှိတယ်။ အထည်ချုပ် လုပ်ငန်းတွေ လုပ်နိုင်တယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ ရခိုင်နဲ့ အနီးဆုံးမှာ ရှိတဲ့အတွက် ရခိုင်ပြည်နယ်ရဲ့ အနီးဆုံး ဈေးကွက်လည်း ဖြစ်တယ်” ဟု ပြောကြားသည်။

အဆိုပါလမ်းသည် စီးပွားရေးအရသော် လည်းကောင်း၊ လူမူရေး၊ ကျန်းမာရေး၊ ပညာရေးအရသော် လည်းကောင်း အရေးပါသောလမ်းဖြစ်ပြီး အဆိုပါ လမ်းဘေးဝဲယာတွင် စက်ရုံအလုပ်ရုံများ တည်ဆောက်လာပါကလည်း အသုံးဝင်မည့် လမ်းတစ်ခုဖြစ်ကြောင်း သိရသည်။

ထို့ပြင် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်ကလည်း ယခုလမ်းသည် စီးပွားရေးအရ အရေးပါသောလမ်း ဖြစ်သကဲ့သို့ မဟာဗျူဟာအရလည်း အရေးပါကြောင်း၊ လမ်းတစ်လျှောက်သည် ၄၉ မိုင် ရှည်လျားကြောင်း၊ အဆိုပါဒေသသို့ စက်ရုံများ၊ လျှပ်စစ်မီးများ ရောက်ရှိလာပါက တိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

“အငူမော်ကနေ မောင်တောအထိ ကီလိုမီတာ ၈၀ လောက်ရှိတယ်။ အခု ကီလိုမီတာ ၂၁ ကျော်အထိ ပြီးစီးနေပြီဖြစ်တယ်။ ဒီနှစ် မိုးမကျမီကာလမှာ ကီလိုမီတာ ၃၀ အထိ ပြီးအောင်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ အောက်ခံပေ ၂၀၊ ခြောက်လက်မထု ခင်းတယ်။ အဲဒီအထက်မှာ ၁၈ ပေအကျယ် ကိုးလက်မထု ခင်းပါတယ်။ လမ်းအကျယ်က ပေ ၁၀ ပေါ့။ ဖောင်ဒေးရှင်းအနေနဲ့ လှူဒါန်းတဲ့ အနေနဲ့ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ အမြတ်အစွန်းရဖို့လုပ်တာ မဟုတ်ပါဘူး။ အလှူလုပ်တာပါ။ စီးပွားရေး အနေနဲ့ လုပ်တာ မဟုတ်ပါဘူး။ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း ဒီလုပ်ငန်းကို လုပ်ပေးစေချင်တယ်၊ ပြည်တွင်း လုပ်ငန်းရှင်တွေ အနေနဲ့ လုပ်ပေးနိုင်တယ်ဆိုတဲ့ လုပ်ငန်းကို ပြသလိုက်တာ ဖြစ်ပါတယ်။ ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံသားက ပြည်ပအကူအညီ မလိုဘဲ လုပ်နိုင်တယ် ဆိုတာကိုလည်း ပြတာဖြစ်ပါတယ်။ ကုန်ကျမှုကတော့ ၂၂ ဘီလျံကျော် လောက်ကုန်မှာ ဖြစ်ပေမယ့် လက်ရှိအခြေအနေအရဆိုရင် ပိုကုန်မယ်လို့ ထင်ပါတယ်။ တံတားရဲ့ ပုံစံတွေကလည်း မရသေးပါဘူး။ ဒီလမ်းမှာ ရေပြွန်တွေ၊ ရေနုတ်မြောင်းတွေလုပ်တာ၊ တံတားတွေဆောက်တာက နည်းနည်းကြာမယ်လို့ ယူဆတယ်။ လာမယ့် ၂၀၂၀ ပွင့်လင်းရာသီမှသာ အပြီးတည်ဆောက်သွားမှာ ဖြစ်ပါတယ်” ဟု Asia World မှ ပရိုဂျက်ဒါရိုက်တာ (မြို့ပြအင်ဂျင်နီယာ) ဦးနေလင်းက ပြောကြားသည်။

အဆိုပါလမ်းတွင် ၁၀ ပေရေပြွန်များ ထည့်သွင်းသွားမည်ဖြစ်ကာ ၁၀ ပေမှ ပေ ၂၂၀ အထိရှည်သော တံတားများ ပါဝင်ပြီး ရေပြွန်နှင့် တံတားပေါင်း ၈၅ စင်း ပါဝင်မည် ဖြစ်ကြောင်း၊ လက်ရှိ လုပ်ဆောင်နေသော ကုမ္ပဏီများနည်းတူ အခြားပြည်တွင်းပြည်ပမှ ကုမ္ပဏီများကလည်း လုပ်ဆောင်ပေးစေလိုကြောင်း ၎င်းကပြောကြားသည်။

အငူမော်- မောင်တောလမ်းသည် စစ်တွေနှင့် ဆက်သွယ်ရန်အတွက် အရေးပါသော လမ်းတစ်ခုဖြစ်ပြီး စစ်တွေမြို့နယ် ရေချမ်းပြင်မှ အငူမော်ကမ်းသို့ ဇက်ဖြင့်ကူးရုံမျှဖြင့် အငူမော်လမ်းအတိုင်း မောင်တောသို့ ရောက်ရှိသောလမ်းဖြစ်ကာ အငူမော်မှ မောင်တောသို့ နှစ်နာရီကျော်သာ ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

 

May 1, 2018














Copy Protected by Chetan's WP-Copyprotect.