<

အင်းလေးကန်တွင် ယခုနှစ်နွေရာသီ ရေအနည်းငယ် ခန်းခြောက်မှု စတင်ကြုံတွေ့လာ

အင်းလေးဒေသ တစ်နေရာကို တွေ့ရစဉ်

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးကန်တွင် ယခုနှစ် နွေရာသီအစောပိုင်း ဧပြီလအကုန်ပိုင်းတွင် အနည်းငယ် ရေခန်းခြောက်မှုဖြင့် စတင်ကြုံတွေ့လာရကြောင်း ဒေသခံများထံမှ ဧပြီ ၃၀ ရက်တွင် သတင်းရရှိသည်။

အင်းလေးကန် ဖောင်တော်ဦးဘုရား ပတ်လည်နှင့် ရွာမတို့တွင် ယခုနှစ် ရေနည်းလျက်ရှိပြီး၊ သွားလာရေး ခက်ခဲနေကြောင်း၊ ဖောင်တော်ဦးဘုရားဈေး တောင်ဘက်ရှိ အင်းတိန်ချောင်းတွင် ရေသုံးပေခန့်သာ ကျန်တော့ပြီး၊ အဆိုပါရေသည် ဆက်လက်လျော့ကျသွားခြင်း မရှိဘဲ လက်ရိုက်ဆည်များကြောင့်သာ ထိုသို့ထိန်းထားနိုင်ခြင်း ဖြစ်ကြောင်း၊ အင်းလေးဟဲယာရွာမတွင် ရေခန်းခြောက်သဖြင့် အချို့နေရာများတွင် ကုန်းမြင့်များ သောင်ထွန်းလျက်ရှိကြောင်း စက်လှေဆရာများက ပြောကြားသည်။

ယခင်၂၀၁၆ ခုနှစ်နှောင်းတွင် အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင် ဦးစီးသော အဖွဲ့များသည် အင်းလေးကန်တစ်လျှောက် တောင်ပိုင်းအထိ လက်ရိုက်ဆည်ပေါင်း ၁၂ ခု တာတမံများ တည်ဆောက်ထားခဲ့သဖြင့် ၂၀၁၆ ခုနှစ်မှ စတင်ကာ ယခု ၂၀၁၈ ခုနှစ် အထိ ဆိုးရွားသော ရေခန်းခြောက်မှုမျိုး ကြုံတွေ့ရခြင်း မရှိသေးဘဲ ၂၀၁၅ ခုနှစ်တွင် ရေခန်းခြောက်ခဲ့ခြင်းကြောင့် အင်းလေးကန် ဖောင်တော်ဦးဘုရား ပတ်လည်နှင့် ရွာမ အနီးတစ်ဝိုက်တို့တွင် သွားလာမရအောင် ရေခန်းခြောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“နှစ်တိုင်းထက်စာရင် ဒီနှစ်တော့ ရေခံနိုင်သေးတယ်။ ရေမကျဘူး။ ခါတိုင်းနှစ်ဆိုရင် မြေအက်ကွဲပြီး သွားလမ်းလာလမ်း ခက်ခဲတယ်။ နှစ်နှစ်ရှိပြီ ရေခံနိုင်တာ။ စောစောပိုင်းကဆိုရင် ရေခြောက်တယ်။ ရွာလမ်းဆိုရင် လမ်းလျှောက်လို့ရနေပြီ။ ရေမြောင်းက သေးသေးလေးပဲကျန်တယ်။ အခုရေအပြည့် ရှိသေးတယ်။ ရေခံနိုင်တာပေါ့။ တပေါင်းတန်ခူးဆိုတော့ တန်ခူးရေကုန်၊ ကဆုန်ရေခန်းပေါ့။ ခြောက်သွေ့တဲ့ လတွေပေါ့။ အင်းဝန်ကြီးက လက်ရိုက်ဆည်တွေ နေရာအနှံ့ အင်းတောင်ပိုင်းအထိ ဆောင်ရွက်ထားလို့ ခံနိုင်သေးတာပေါ့။ ဟဲယာရွာမမှာ နည်းနည်းတော့ ခန်းတယ်” ဟု ဖောင်တော်ဦးဘုရား ဂေါပကဥက္ကဋ္ဌ ဦးထွန်းအောင်က ပြောကြားသည်။

အင်းလေးကန် ဖောင်တော်ဦးဘုရားသို့ ဘုရားဖူးပြည်သူများသည် သီတင်းကျွတ်လနှင့် တန်ခူးလတို့တွင် အများအပြား လာရောက် လည်ပတ်ကြကြောင်း၊ တန်ဆောင်မုန်းတွင် ဖောင်တော်ဦးဘုရား ဆွမ်းဆန်စိမ်း လောင်းလှူပွဲတော်အတွက် သံဃာတော်ပေါင်း ၃၀၀၀ ကျော် ဆွမ်းခံကြွသဖြင့် ဧည့်သည်အများအပြား စည်ကားလေ့ရှိကြောင်း၊ ယခုလိုရက်ပိုင်းတွင် ဧည့်သည်နည်းပါးကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် အင်းလေးကန်တွင်းသို့ အဓိက ချောင်းကြီး လေးချောင်း စီးဝင်ကြပြီး၊ ချောင်းလက်တက် ၂၉ ချောင်းရှိကာ အချို့ချောင်းသွယ်များမှာ မိုးရွာသီမှာပင် စီးဆင်းပြီး နွေရာသီတွင် ခန်းခြောက်သွားကြောင်း၊ ယခုအခါ ချောင်းလက်တက်ငယ်များတွင်လည်း ရေနည်းပါးခြင်းတို့ကို ကြုံတွေ့နေရကြောင်း သိရသည်။

“ရွာမဘက် မောင်းဝင်တဲ့နေရာ ရွာကြားလမ်းတောင် မောင်းဝင်လို့ မရတော့ဘူးလေ။ မြေကြီးတွေ ပေါ်တာပေါ့။ တိမ်တိမ်လေးပဲ ကျန်တော့တယ်။ အင်းတိန်ချောင်းမှာ သုံးပေလောက်ပဲကျန်တယ်။ မိုးမရွာတော့ရင် ရေနည်းလာတာပေါ့။ နေပူရှိန်ပြင်းရင် ရေတအားကျတယ်။ တောင်ပိုင်းလမ်းတောင် ဒီလိုအခြေအနေရှိတယ်။ ဒီထက်လျော့နေပြီလေ။ နန်းပန်လှေဆိပ်တောင် တိမ်တိမ်လေးပဲ ကျန်တော့တယ်။ တစ်ပေလောက်ပဲ ကျန်တော့တယ်လေ” ဟု စက်လှေဆရာတစ်ဦးက ပြောကြားသည်။

ညောင်ရွှေမြို့နယ် အင်းလေးကန်တွင် နွေရာသီ ရေမခန်းခြောက်နိုင်တော့ကြောင်း အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်က ၂၀၁၇ ခုနှစ် ဧပြီလတွင် ပြောကြားထားခြင်း ဖြစ်သည်။

အင်းလေးကန်တွင် ၂၀၁၀၊ ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်တို့တွင် ဆိုးရွားစွာ ရေခန်းခြောက် ခဲ့ခြင်းကြောင့် အင်းလေးကန်တွင်း သွားလာမရသော ရွာပေါင်းများစွာရှိပြီး၊ ရေခန်းခြောက်ခြင်းကြောင့် ကုန်းခေါင်ခေါင် ဖြစ်ခဲ့ကာ ဖောင်တော်ဦးဘုရားနှင့် ဟဲယာရွာမကဲ့သို့သော ရွာလယ် လမ်းမကြီးများတွင် သွားရေးလာရေး ခက်ခဲမှုများ ကြုံတွေ့ခဲ့ရသဖြင့်၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်က ၂၀၁၆ ခုနှစ်နှောင်းပိုင်းတွင် အင်းလေးကန်တွင်း လက်ရိုက်ဆည် ၁၂ ခု၊ ကိုယ်ထူကိုယ်ထ အင်းလေးကန်တွင်း ရေလမ်းဖောက်ခဲ့မှု ၁၀ ရွာခန့် (၁၀ မိုင်) ကျော် လမ်းဖောက်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

အင်းလေးကန်သည် ၂၀၁၀ ခုနှစ်တွင် စတင်ရေခန်းခြောက်ခဲ့ပြီး မနှစ်က ၂၀၁၅ ခုနှစ်တွင် စံချိန်တင် ရေခန်းခြောက်ခြင်းကြောင့် ခရမ်းချဉ်သီး ကျွန်းမျောပင်များ ရွာတိုင်းတွင် ပျက်စီးခဲ့သည်။

အင်းလေးဒေသ ညောင်ရွှေမြို့နယ်တွင် ကျေးရွာပေါင်း ၄၄၅ ရွာ၊ ကျေးရွာအုပ်စု ၃၅ အုပ်စု၊ ရေပေါ်ကျေးရွာ ၂၂၀ ကျော်၊ လူဦးရေပေါင်း တစ်သိန်းရှစ်သောင်းခန့် နေထိုင်ကာ၊ အင်းလေးကန်တွင်းသို့ စီးဝင်သော အဓိက ချောင်းကြီး လေးချောင်းနှင့် ချောင်းလက်တက် ၂၉ ချောင်းရှိကြောင်း စာရင်းများအရ သိရသည်။

 

May 1, 2018














Copy Protected by Chetan's WP-Copyprotect.