အဓမ္မအလုပ်ခိုင်းစေမှု ပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက် (၂၀၁၈) ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) နှင့် ပူးပေါင်းပြီး ဆက်လက်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက အလုပ်သမားနေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့

အဓမ္မအလုပ်ခိုင်းစေမှု ပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက် (၂၀၁၈) ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) နှင့် ပူးပေါင်းပြီး ဆက်လက်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက အလုပ်သမားနေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့
Published 2 May 2018

အနည်းဆုံး လုပ်ခ ကျပ် ၅၆၀၀ ထက်မနည်း ပြင်ဆင်သတ်မှတ်ပေးရေး အပါအဝင် အလုပ်သမားအခွင့်အရေးများအတွက် မေ ၁ ရက်က ရန်ကုန်မြို့ ဆူးလေစေတီတော်အနီး အလုပ်သမားများ ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)

အဓမ္မအလုပ်ခိုင်းစေမှု ပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက် (၂၀၁၈) ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) နှင့်ပူးပေါင်းပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မေ ၁ ရက်တွင်ကျရောက်သည့် အလုပ်သမားနေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က သဝဏ်လွှာပေးပို့ရာတွင် ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ သဝဏ်လွှာတွင် အဓမ္မခိုင်းစေမှု ပပျောက်ရေးနှင့် ပတ်သက်ပြီး အသိပညာပေးမှုများကြောင့် ပြည်သူလူထုနှင့် အာဏာပိုင်အဖွဲ့အစည်းများက ပိုမိုသိမြင်လာပြီး နိုင်ငံစီးပွားရေး အခြေအနေကြောင့် ပေါ်ပေါက်ခဲ့ရသည့် အဓမ္မခိုင်းစေမှု၊ မလုပ်မနေရခိုင်းစေမှုဆိုသော ကိစ္စရပ်များသည် နိုင်ငံအတွင်း၌ တဖြည်းဖြည်း လျော့ပါးလာနေပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံ၌ အဓမ္မခိုင်းစေမှုပပျောက်ရေး အလှမ်းမဝေးတော့သည်ကိုလည်း အသိပေးလိုကြောင်း ဖော်ပြပါရှိသည်။

ဆယ်စုနှစ်များစွာ ဖွဲ့စည်းခွင့်မရရှိခဲ့သည့် အလုပ်သမားအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခွင့်ကို ယနေ့ရရှိနေပြီဖြစ်ကြောင်း၊ အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်ခွင့်ပြုခြင်းသည် အလုပ်ရှင်များကို တာဝန်ယူမှုရှိသော လုပ်ငန်းရှင်များ ဖြစ်လာစေရန်နှင့် အခြေခံအလုပ်သမားအခွင့်အရေးများကို အသိအမှတ်ပြု လေးစားလိုက်နာစေရေး၊ အလုပ်သမားများ၊ အလုပ်သမားအဖွဲ့အစည်းများအနေဖြင့် အလုပ်ရှင်နှင့် အစိုးရအပေါ် တာဝန်ယူမှုရှိသော မိတ်ဖက်များ ဖြစ်လာစေရန်၊ နှစ်ဦးနှစ်ဖက် အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုတည်ဆောက်ပြီး အစိုးရ၏ပါဝင် ထိန်းကျောင်းမှုနှင့် သုံးဦးသုံးဖလှယ် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး ကုန်ထုတ်စွမ်းအားမြင့်မားစေရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လည်း သဝဏ်လွှာတွင် ပါရှိသည်။

ယခုရာစုနှစ်အတွင်းတွင် အလုပ်သမားများအနေဖြင့် ရသင့်ရထိုက်သည့် အခွင့်အရေးများကို ယခင်ကထက် ပိုမိုရရှိလာပြီဆိုခြင်းမှာ မငြင်းနိုင်သော်လည်း ကမ္ဘာတစ်ဝန်းတွင်ရှိသည့် နိုင်ငံများ၏ ရေခံမြေခံအခြေအနေ၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအခြေအနေနှင့် သက်ဆိုင်ရာနိုင်ငံအစိုးရ၊ ပြည်သူများအပေါ်မူတည်ပြီး နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ အလုပ်သမားအခွင့်အရေးများမှာ မတူကွဲပြားမှုများ ရှိနေသည်ကိုလည်း လက်ခံရမည်ဖြစ်ကြောင်း၊ သို့သော် နိုင်ငံတကာ အလုပ်သမားရေးရာ စံသတ်မှတ်ချက်များကို ထည့်သွင်းစဉ်းစားပြီး သက်ဆိုင်ရာနိုင်ငံ၏ အလုပ်သမားရေးရာ ပြည်တွင်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ရသင့်ရထိုက်သည့် အခွင့်အရေးများကို အလုပ်သမားများ ရရှိခံစားနိုင်စေရန်၊ ပိုမိုကောင်းမွန်သည့် အခွင့်အရေးများရရှိပြီး လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရန် လူနေမှုအဆင့်အတန်း မြင့်မားလာစေရေးအတွက် ပြည်ထောင်စုအစိုးရအနေဖြင့် အမြဲစောင့်ကြည့်သုံးသပ်ပြီး ဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း သဝဏ်လွှာတွင် ပါရှိသည်။

ထို့ပြင် သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်နှင့် ရေရှည်တည်တံ့သော စွန့်ဦးတီထွင် စီးပွားရေးအခွင့်အလမ်းများကို အလုပ်လုပ်နိုင်သူများ ပိုမိုရရှိလက်လှမ်းမီရေး၊ အလုပ်သမားဈေးကွက် စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန်လာခြင်းအားဖြင့် အလုပ်ခွင်များတွင် အခြေခံစည်းမျဉ်းနှင့် အခွင့်အရေးများ ကျင့်သုံးမှု အားကောင်းလာစေရေး၊ ထိခိုက်လွယ်သော အလုပ်သမားနှင့် ပြည်သူများအတွက် လူမှုအကာအကွယ်ပေးမှု အကျုံးဝင်စေရေး တိုးချဲ့ရေးစသည့် ဦးတည်ဆောင်ရွက်ရမည့် ဦးစားပေးနယ်ပယ်သုံးရပ်ကို ချမှတ်ပြီး သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်ဆိုင်ရာ နိုင်ငံအဆင့် အစီအစဉ်ကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ဆက်လက်၍ အလုပ်သမားများအတွက် ပိုမိုကောင်းမွန်သော အခွင့်အရေးများ ဆောင်ကြဉ်းပေးနိုင်ရန်အတွက် အလုပ်သမားဥပဒေများ ပြင်ဆင်ခြင်း၊ အသစ်ပြဋ္ဌာန်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေအသစ်ကိုလည်း မကြာမီ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေပြီး ၂၀၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေ ဥပဒေအရ ၂၀၁၅ ခုနှစ်တွင် သတ်မှတ်ခဲ့သော အနည်းဆုံး အခကြေးငွေနှုန်းထားကို နှစ်နှစ်တစ်ကြိမ် ပြင်ဆင်သတ်မှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဖွဲ့စည်းထားသော အနည်းဆုံးအခကြေးငွေဆိုင်ရာ သုံးပွင့်ဆိုင်ကော်မတီများ၏ တွေ့ရှိချက်များကို အခြေခံ၍ သတ်မှတ်ထားသော အလုပ်သမားများအတွက် အနည်းဆုံး အခကြေးငွေနှုန်းထား အသစ်တစ်ရပ်ကိုလည်း မကြာမီ ထုတ်ပြန်နိုင်တော့မည်ဖြစ်ကြောင်း သဝဏ်လွှာတွင် ပါရှိသည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင်အားဖြစ်သော အလုပ်သမားများအခွင့်အရေး အပြည့်အဝရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုပေါ်ထွက်လာရေး၊ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ လူမှုဖူလုံရေးစနစ် အကျုံးဝင်မှုများ တိုးချဲ့လာနိုင်ရေးအတွက် ရည်မှန်းချက်များ၊ မျှော်မှန်းချက်များ ချမှတ်ဆောင်ရွက်နေပြီဖြစ်သောကြောင့် နိုင်ငံတစ်ဝန်းရှိ အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် နိုင်ငံတော်က ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များတွင် အပြုသဘောတက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်းလည်း သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်။

Most Read

Most Recent